တစ်ပတ်လုံးလုံး အလုပ်တွေထဲ ခေါင်းနှစ်ခဲ့တဲ့သူချင်းအတူတူ အောင်မြင်သူတွေရဲ့ အချိန်စီမံခန့်ခွဲမှုက သာမန်လူတွေနဲ့ မတူပါဘူး။ အောင်မြင်နေတဲ့သူတွေဟာ အလုပ်နဲ့ နေ့စဉ်ဘဝကို ဘယ်လို ခွဲထားရမလဲ သိသူတွေ ဖြစ်ပါတယ်။ ဒါတင်မဟုတ်ဘဲ သူတို့ကိုယ်သူတို့ လန်းဆန်းတက်ကြွအောင် နေထိုင်ဖို့ ၊ ကျန်းမာရေးနဲ့ ညီတဲ့ အလေ့အကျင့်လေးတွေ ဖန်တီးဖို့နဲ့ ကိုယ်ပိုင်အချိန်လေးတွေကို ကောင်းကောင်း အသုံးချဖို့လည်း မမေ့တဲ့သူတွေပါ။ တနင်္လာ – သောကြာ အလုပ်ချိန်ဇယားလိုပဲ စနေ ၊ တနင်္ဂနွေလို ပိတ်ရက်မှာတောင် သူတို့ လုပ်တတ်တဲ့ အလုပ်လေးတွေက အတုယူစရာကောင်းပါတယ်။

(၁) စောစောထပြီး တက်ကြွအောင် နေထိုင်တယ်

Photo: apetogentleman

ရုံးတက်တဲ့နေ့တွေပဲ စောစောထတာမျိုး မဟုတ်ပါဘူး။ အောင်မြင်ထင်ရှားတဲ့ CEO တွေဟာ မနက်စောစောထပြီး စိတ်ရောကိုယ်ပါ ကျန်းမာအောင် ဂရုစိုက်ကြပါတယ်။ သွေးလဉ်ပတ်မှုကောင်းပြီး စိတ်ဖိစီးမှုနည်းအောင် စိတ်ခံစားချက်တွေ ကောင်းမွန်အောင် တရားထိုင်မယ် ၊ အားကစားလုပ်မယ်။ ယောဂလေး ဘာလေး ကျင့်မယ်။

(၂) လူမှုကွန်ရက်တွေနဲ့ ဝေးဝေးနေတယ်

Photo: Reader’s Digest

အောင်မြင်သူတွေဟာ ရုံးပိတ်ရက်တွေမှာ အီးမေးလ်တွေ မစစ်ဘူး။ ဖုန်းမသုံး ၊ တီဗွီမကြည့်ဘူး။ စမတ်ဖုန်းတွေ ၊ ဂိမ်းတွေ လူမှုကွန်ရက်နဲ့ ဖျော်ဖြေ‌ရေးတွေနဲ့ ကင်းအောင် နေတယ်။ လူမှုကွန်ရက်ပေါ်က သတင်းတွေ ၊ အတင်း‌တွေနဲ့ စိတ်ရှုပ်ထွေးစရာတွေကြောင့် ကိုယ့်ရဲ့ တစ်ပတ်တာ ရုံးအားရက်ကို အပျက်စီး မခံကြပါဘူး။

(၃) အများအကျိုးအတွက် ပါဝင်တယ်

Photo: bostonmagazine

အားလပ်ရက်မှာ အများအကျိုးအတွက် စေတနာ့ဝန်ထမ်းလုပ်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ် အဖိုးတန်တဲ့ လူဖြစ်အောင် ပြောင်းလဲနေတာ ဖြစ်ပါတယ်။ အများအကျိုးရှိရာကို တစ်တပ်တစ်အား လုပ်အားပေးခြင်းဟာ မိတ်သစ်ဆွေသစ်တွေလည်း တိုးပွားလာမယ်။ စိတ်ပိုင်းဆိုင်ရာလည်း ရင့်ကျက်ထက်သန်လာမယ်။ နောက်ပြီး ပိုကောင်းတဲ့ လူ့လောကအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ်လည်း ပါဝင်လာပါလိမ့်မယ်။

(၄) ကြိုတင်ပြင်ဆင်မှုတွေ လုပ်တယ်

Photo: apetogentleman

အောင်မြင်သူတွေ ပိတ်ရက်မှာ အလုပ်များဆုံးကိစ္စထဲက တစ်ခုက နောက်တစ်ပတ်မှာ လုပ်မယ့် အစီအစဉ်လေးတွေ ရေးဆွဲထားတဲ့ အလေ့အထလည်း အပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် တနင်္ဂနွေ တစ်ရက်မှာ လာမယ့်တစ်ပတ်အတွက် ကြိုပြီး အစီအစဉ်တွေ ချမှတ်ပြင်ဆင်လေ့ ရှိပါတယ်။ အစီအစဉ်ကောင်းတစ်ခုကို ချထားတာဖြစ်လို့ လုပ်စရာကိစ္စလေးတွေလည်း မေ့ကျန်စရာ ရှိတော့မှာ မဟုတ်သလို ပိုပြီးထိထိရောက်ရောက်လည်း အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အလုပ်ကို အစီအစဉ်နဲ့ လုပ်တဲ့သူတွေဟာ အရင်အပတ်က ကိုယ့်လုပ်ရပ်တွေထဲကနေ ပြန်ပြီး သုံးသပ်ပြင်ဆင်စရာလေးတွေ ပြန်လေ့လာပြီး နည်းဗျူဟာသစ်တွေပါ ချမှတ်သွားလို့ ရပါတယ်။