ချယ်ဆီးအသင်းဟာ ယခုနွေရာသီမှာ အပြောင်းအရွှေ့ပြုလုပ်နိုင်မယ့်ကစားသမား ၉ ဦးစာရင်းထဲမှာ အခြားကစားသမား ၈ ဦးနဲ့အတူ ကန်တေကိုပါ ထည့်သွင်းထားခဲ့တယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။
ချယ်ဆီးနည်းပြဖရန့်လမ်းပတ်ဟာ ၎င်းရဲ့လူစာရင်းကို ဟာကင်ဇီယက်၊ တီမိုဝါနာတို့ကို ရာသီသစ်မတိုင်မီ ခေါ်ယူပြီး တောင့်တင်းအောင် ပြုလုပ်ထားပြီးဖြစ်ပေမယ့် လေဗာကူဆင်ကြယ်ပွင့် ကိုင်ဟာဗက်၊ ဂိုးသမားအသစ်နဲ့အတူ ဘယ်နောက်ခံကစားသမားသစ်ကိုလည်း ခေါ်ယူချင်နေသေးဖြစ်ပါတယ်။

Photo: beinsports
ချယ်ဆီးအသင်းရဲ့ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက် လှုပ်ရှားမှုဟာ အသင်းမှာရှိတဲ့ ကစားသမားတွေ ထွက်ခွာမှုအပေါ် မူတည်နေပြီး The Times ရဲ့ဖော်ပြချက်အရ ကစားသမား ၉ ဦးကို ရောင်းထုတ်ဖို့ အဆင်သင့်ပြုလုပ်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။ယခုရာသီ ချယ်ဆီးအသင်းအတွက် ဒဏ်ရာပြဿနာကြောင့် ၂၃ ပွဲ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ကြံ့ခိုင်မှုပြန်လည်ပြည့်ဝတဲ့အချိန်ကျရင် အဓိကအစိတ်အပိုင်းအဖြစ် ပြန်လည်ပါဝင်ကစားပေးနိုင်မယ့် ကန်တေကလည်း ရောင်းထုတ်မယ့်စာရင်းထဲမှာပါဝင်နေတယ်လို့ သိရပါတယ်။
ကန်တေရဲ့ ကွင်းလယ်တွဲဖက်ကစားသမားဖြစ်တဲ့ ရော့စ်ဘာကလေကလည်း ချယ်ဆီးအသင်းရဲ့ ရောင်းထုတ်မယ့်စာရင်းထဲမှာ ပါဝင်နေတယ်လို့ သိရပြီး မိုနာကိုအသင်းကို အငှားနဲ့ သွားရောက်ကစားနေတဲ့ ဘာကာရိုကိုကိုလည်း အပြီးသတ်ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ သတင်းတွေအရ ချယ်ဆီးအသင်းဟာ ခံစစ်ပိုင်းကို သွေးသစ်လောင်းချင်နေတာဖြစ်ပြီး ကတ်ဇူးမား၊ ခရစ်စတန်ဆန်၊ အီမာဆင်နဲ့ အလွန်ဆိုတို့အတွက် ကမ်းလှမ်းမှုတွေကို နားထောင်ပေးသွားလိုတဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

Source : CHELSEA
ချယ်ဆီးအသင်းဟာ စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့ပြီး ယခုရာသီ အသင်းအတွက် ၁၃ ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့တဲ့ ဘတ်ရှူဝါရီနဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ချန်လှပ်ခြင်းခံခဲ့ရတဲ့ ကီပါတို့ကို ခေါ်ယူမယ့်အသင်းကို ရှာဖွေနေတယ်လို့ သိရပါတယ်။
