Gym မကစားတာ ကြာလို့ ပြန်ကစားတဲ့ ပထမတစ်ပတ်မှာ မဖြစ်မနေ ကြုံနိုင်တဲ့ အချက်က ကြွက်သားတွေ နာကျင်ကိုက်ခဲတာပဲ ဖြစ်ပါတယ်။ ကြွက်သားနာကျင်ခြင်းက တစ်ရက်နှစ်ရက်လောက်နဲ့ သက်သာသွားနိုင်ပေမယ့် တစ်ချို့လည်း ရက်ရှည် ဒဏ်အဖြစ် ကျန်နေတတ်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ကြွက်သားတွေ နာကျင်နေပြီဆိုရင် ကိုယ့်ရဲ့ Workout အစီအစဉ်တွေကို ထိခိုက်စေနိုင်တာကြောင့် သက်သာအောင် ဒီနည်းလမ်းလေးတွေ လိုက်နာသင့်ပါတယ်။
(၁) ကောင်းကောင်းအိပ်ပါ

Photo: A Healthier Michigan
အိပ်စက်ခြင်းဟာ ကုထုံးတစ်မျိုးပါ။ အိပ်စက်ခြင်းဟာ ပရိုတိန်းဖွဲ့စည်းမှုကို လှုံ့ဆော်ပေးပါတယ်။ တစ်ချိန်တည်းမှာ အားကစားလုပ်စဉ် ကြွက်သားပြိုကွဲမှုတွေကို ပြန်ကောင်းသွားစေပါတယ်။ အိပ်ရေးဝဝအိပ်ခြင်းအားဖြင့် ခန္ဓာကိုယ်ကနေ ကြွက်သားတွေ ကြီးထွားစေမယ့် ဟော်မုန်းတွေလည်း ပြန်ထုတ်ပေးနိုင်မှာပါ။
(၂) Form Roller သုံးပါ

Photo: Mens Journal
အားကစားလုပ်ချိန်မှာ ခန္ဓာကိုယ်ဟာ ကြွက်သားတွေ တည်ဆောက်ပေးတဲ့ အပြင် တွယ်ဆက်တစ်သျှူးတွေလည်း ထုတ်လုပ်ပါတယ်။ Fascia လို့ ခေါ်တဲ့ ဒီတစ်သျှူးတွေဟာ တစ်ခါတစ်လေမှာ လှုပ်ရှားမှုသိပ်မလုပ်နိုင်တဲ့ နေရာတွေမှာ ရောက်ရင် နာကျင်မှုတွေ ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်နည်းမမှန်ရင် အဖြစ်များပါတယ်။ Form Rolling ကတော့ Workout လုပ်ပြီး သုံးကြတာ ဖြစ်ပါတယ်။ အကြောလျှော့နည်းပုံစံ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဥပမာ- လက်ပြင်နာနေတယ်ဆိုရင် Wing အောက်မှာ Form Roller ထားပြီး လှိမ့်ပေးရပါတယ်။ ပုခုံး ၊ ဂုတ်နဲ့ နောက်ကျောတွေလည်း ဒီအတိုင်းပါပဲ။
(၃) Workout ပြီးတိုင်း လှုပ်ရှားမှုလေးတွေ လုပ်ပေးပါ

Photo: Stocksy
အားကစား ခပ်ပြင်းပြင်း လုပ်ဆောင်ပြီးတိုင်း အပျော့စား အသွက်လေ့ကျင့်ခန်းလေး Active Recovery Workout တွေ လုပ်ပေးကြည့်ပါ။ Active Recovery Workout ဆိုတာ လမ်းလျှောက်တာ ၊ စက်ဘီးစီးတာ ၊ Form Rolling လိမ့်တာ ရေကူးတာနဲ့ ခပ်ရွရွပြေး Jogging လုပ်တာတွေ ပါဝင်ပါတယ်။ ၁၀ မိနစ်လောက် Active Recovery လုပ်လိုက်တာနဲ့ ခန္ဓာကိုယ်ထဲက ကြွက်သားတွေ တည်ဆောက်ဖို့နဲ့ အမြန်သက်သာစေဖို့ Lactic Acid တွေ ထုတ်ပေးနိုင်ပါတယ်။ ကြွက်သားနာကျင်မှုဒဏ်သက်သာမှု မြန်တာကြောင့် နောက်တစ်ကြိမ် အားကစားလုပ်ဖို့အတွက်လည်း အဆင်သင့် ဖြစ်နေအောင် ကူညီပေးနိုင်ပါတယ်။
(၄) Ice Bath လုပ်ပါ

Photo: Extramilest
ရေခဲစိမ်ခြင်းဟာ ယောင်ယမ်းမှုကို လျော့ပါးစေပြီး ကြွက်သားထိခိုက်နာကျင်မှုကို သက်သာစေပါတယ်။ အားကစားသမားတွေဟာ အားကစားလုပ်ပြီးတဲ့နောက် အဆစ်အမြစ်ဒဏ်တွေကနေ အမြန်သက်သာစေဖို့အတွက် Ice Bath စိမ်ကြပါတယ်။ Ice Bath စိမ်ဖို့ အဆင်မပြေရင်တော့ ရေခဲအိတ်ကပ်ပေးရမှာပါ။
