Walt Disney ဖျော်ဖြေရေးလုပ်ငန်းစုကြီးဟာ နာမည်ကြီး 20th Century Fox ကို ဝယ်ယူလိုက်ပြီးနောက် နာမည်သစ်ပြောင်းလိုက်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကပဲ Disney ဟာ ရူပတ်မားဒေ့ါချ်ပိုင် Fox Media ပိုင်ဆိုင်မှုတွေကို ဒေါ်လာ ၇၁.၃ ဘီလျံနဲ့ ဝယ်ယူမှု လုပ်ခဲ့ပါတယ်။ Fox Media ပိုင် လုပ်ငန်းတွေ ဝယ်ယူပြီးနောက် Disney ဟာ 20th Century Fox Television ကို Century နဲ့ Fox ဖြုတ်ပြီး 20th Television အဖြစ် နာမည်ပြောင်းခဲ့ပါတယ်။

Photo: filmschoolrejects

သက်တမ်း ၈၅ နှစ် ကြာပြီ ဖြစ်တဲ့ 20th Century Fox ကုမ္ပဏီကိုလည်း 20th Century Studios အဖြစ် နာမည်ပြောင်းလိုက်ပါတယ်။ Twentieth Century Pictures နဲ့ Fox Films တို့ ပူးပေါင်းလိုက်တဲ့ ၁၉၃၅ ခုနှစ်မှာ 20th Century Fox ကို ဖန်တီးခဲ့တာပါ။ 20th Century Fox ရုပ်သံစတူဒီယိုကနေ ရုပ်ရှင်သမိုင်းမှာ အအောင်မြင်ဆုံး ကားတွေ ဖြစ်တဲ့ Avatar နဲ့ Titanic တို့လို နာမည်ကြီးရုပ်ရှင်တွေ ထုတ်လုပ်ခဲ့ပါတယ်။

Disney ဟာ ၁၉၃၇ ခုနှစ်မှာ ရုပ်ရှင်စတင်ထုတ်လုပ်ခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပြီး ပထမဆုံးရုပ်ရှင်ကတော့ “စနိုးဝှိုက်နဲ့ လူပုလေး ၇ ဖော်”ရုပ်ရှင် ဖြစ်ပါတယ်။ 20th Century Fox ကို brand ပြောင်းလိုက်ပေမယ့် logo နဲ့ title card ကတော့ အရင်အတိုင်း spotlights တွေအပေါ်မှာ ရှိနေမှာ ဖြစ်ပြီး စကားလုံးပဲ ပြောင်းသွားမှာပါ။

Source : Project Casting

Disney ဟာ တစ်ခြား တယ်လီဗေးရှင်း စတူဒီယိုတွေ ဖြစ်တဲ့ ABC Studios နဲ့ ABC Signature Studios တို့ကိုလည်း ABC Signature လို့ ပြောင်းထားပါတယ်။ Fox 21 Television Studios ကတော့ Touchstone Te‌levision ဖြစ်လာပါတယ်။