လူတိုင်းနီးပါး မနက်အိပ်ယာထပြီဆိုတာနဲ့ မျက်နှာနဲ့ခံတွင်းသန့်ရှင်းရေး လုပ်ကြလေ့ရှိပါတယ်။ တစ်ချို့လူတွေကတော့ တစ်နေကုန် မျက်နှာမသစ်ဘဲ နေကြလေ့ရှိတယ်။ လူတွေက မနက်ခင်း မျက်နှာတစ်ခါသစ်ပြီးသွားရင် လုံလောက်သွားပြီလို့ ယူဆလေ့ရှိကြတယ်။ အမှန်တော့ တစ်နေကုန် လှုပ်ရှားသွားလာနေရတာကြောင့် မျက်နှာမှာ မမြင်ရတဲ့ ဖုန်မှုန့်တွေ ကပ်ညိနေတက်ပါတယ်။ ဒါကြောင့် ညဖက် အိပ်ယာမဝင်ခင်မှာလည်း မျက်နှာကို ကောင်းမွန်စွာသန့်ရှင်းရေးလုပ်ပေးဖို့လိုအပ်ပါတယ်။
ဒီနေ့ kwee page က မျက်နှာသစ်ခြင်းနဲ့ပတ်သက်ပြီး မှားယွင်းနေတဲ့ အယူအဆလေးတွေအကြောင်း ပြောပြပေးသွားမှာပါ။
မကြာခဏ မျက်နှာသစ်ခြင်း
Source: David Servant
ပုံမှန်အားဖြင့် တစ်နေ့ကို တစ်ကြိမ် (သို့) နှစ်ကြိမ်ခန့် မျက်နှာသစ်ပေးရင် လုံလောက်ပါတယ်။ တစ်ချို့လူတွေက အသန့်လွန်သွားပြီး မကြာခဏမျက်နှာသစ်လေ့ရှိကြတယ်။ ဒီလိုလုပ်ခြင်းဟာ မျက်နှာအရေပြားကို ထိခိုက်စေတဲ့အပြင် မျက်နှာကို ပိုလို့တောင် အဆီပြန်စေပါမယ်။
နေ့ခင်းဘက်မှာ အပြင်လည်းမထွက်ရဘူး ချွေးလည်းမထွက်ထားဘူးဆိုရင် ညဘက်ကို မျက်နှာသစ်ဆေးမသုံးတော့ဘဲနဲ့ ရေခပ်နွေးနွေး လေးနဲ့ပဲ မျက်နှာသစ်ပေးပါ။
အလွန်အမင်းမျက်နှာ ဂျီးချွတ်ခြင်း
Source: Stocksy
မျက်နှာဂျီးချွတ်တယ်ဆိုတာ မျက်နှာအရေပြားမှာရှိတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားခွါချပစ်တာဖြစ်လို့ ကျန်းမာရေးအတွက် ကောင်းတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆို့တဲ့အတိုင်း မျက်နှာကို အလွန်အမင်း ဂျီးချွတ်ခြင်းက အရေပြားတွေ ထိခိုက်ပျက်စီးစေပါတယ်။ တပတ်မှာအများဆုံး နှစ်ခါကနေ သုံးခါအထိ မျက်နှာကို ဂျီးချွတ်ပေးနိူင်ပါတယ်။ ဒီလို ဂျီးချွတ်တဲ့နေရာမှာလည်း တာဝါစသုံးမယ့်အစား သင့်လက်ချောင်းလေးတွေကိုသာ သုံးခြင်းအားဖြင့် အရေပြားကို အလွန်အကျွံဆွဲမိတာ၊ ထိခိုက်မိတာတွေကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
မျက်နှာကို ပဝါဖြင့် ပွတ်ခြင်း
Source: The Healthy
မျက်နှာသစ်ပြီး သဘက်နဲ့ အားပါးတရ ပွတ်လိုက်ရတာဟာ အရသာရှိကောင်းရှိမှာ ဖြစ်ပေမယ့် အရေပြားကို ခပ်ကြမ်းကြမ်းဆွဲဆောင့်နေသလို ဖြစ်စေတာကြောင့် အရေတွန့်စေပါတယ်။ ဒါကြောင့် မျက်နှာကို တို့ပါ။ မပွတ်ပါနဲ့။ ပြီးတော့ သတိထားရမှာက တွေ့ကရာနဲ့ မျက်နှာကို လျှောက်မသုတ်ပါနဲ့။ သင့်မျက်နှာမှာ အပြစ်အနာအဆာတွေ မရှိစေချင်ဖူးဆိုရင်၊ အရေပြားပိုးမကူး စေချင်ဖူးဆိုရင် တခြားသူတွေရဲ့ မျက်နှာသုတ်ပုဝါနဲ့ အတူတူမျှ မသုံးပါနဲ့။
မျက်နှာသစ်ရာတွင် ရေကိုလုံလောက်အောင်မသုံးခြင်း
Source: Balding Beards
မျက်နှာကို ရေနဲ့သေသေချာချာ အချိန်ပေးပြီး မဆေးခြင်းအားဖြင့် အရေပြားပေါ်မှာ အညစ်အကြေးတွေစုပုံလာပြီး ချွေးပေါက်တွေကိုပိတ်ဆို့စေကာ အသားအရည် ခြောက်သွေ့စေပါတယ်။ ဒါ့ကြောင့် မနက်ပိုင်း အိမ်ကမထွက်ခင် အလျင်လိုနေတဲ့အချိန်မှာပဲဖြစ်ဖြစ် ညဘက်အိမ်ပြန်ရောက်လို့ အရမ်းပင်ပန်းနေတဲ့ အချိန်မှာပဲဖြစ်ဖြစ် တတ်နိုင်သမျှ အချိန်ပေးပြီး မျက်နှာကို ရေနဲ့သေသေချာချာ ဆေးသင့်ပါတယ်။ မေးစေ့၊ဆံစပ် နဲ့ နှာခေါင်းနေရာတို့ဟာ အများအားဖြင့် သေသေချာချာ မသစ်ဖြစ်တဲ့ နေရာတွေဖြစ်လို့ အဲ့ဒီ့နေရာတွေကိုလည်း ဂရုစိုက်ပြီး မျက်နှာသစ်ပေးသင့်ပါတယ်။