အူ့စ်မန်းဒမ်ဘီလီကို ယခုနွေရာသီမှာ ခေါ်ယူဖို့ မျှော်လင့်ထားတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မျှော်လင့်ချက်ဟာ ဘာစီလိုနာဥက္ကဌ ဘာတိုမြူက ပြင်သစ်ကစားသမားဟာ ထိလို့မရနိုင်တဲ့သူအဖြစ် ဖော်ပြသွားခဲ့ပြီးနောက် ကုန်ဆုံးသွားပြီလို့ Metro ရဲ့သတင်းအရ သိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက ဆန်ချိုကို ပေါင် ၁၀၈ သန်းပေးချေပြီး သတ်မှတ်ရက်အတွင်း ခေါ်ယူဖို့ ဒေါ့မွန်အသင်း ပြောကြားတဲ့အတိုင်း လုပ်ဆောင်နိုင်ခြင်းမရှိခဲ့တာဖြစ်ပြီး နောက်ထပ်ရွေးချယ်စရာအဖြစ် ဘာစီလိုနာကြယ်ပွင့် ဒမ်ဘီလီကို သတ်မှတ်ထားတာဖြစ်ပါတယ်။

Photo: livesoccerupdates

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒမ်ဘီလီဟာ ၂၀၁၇ ခုနှစ်မှာ ဒေါ့မွန်အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက နူးကမ့်မှာ ရုန်းကန်နေခဲ့ရပေမယ့်လည်း ကမ္ဘာပေါ်က အကောင်းမွန်ဆုံးပါရမီရှင်ကစားသမားတွေထဲကတစ်ဦးအဖြစ် ယူဆခြင်းခံထားရဆဲဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ချန်ပီယံလိဂ်မှာ ဘိုင်ယန်မြူးနစ်ကို အရှက်တကွဲရှုံးနိမ့်ခဲ့ရပြီးနောက်ပိုင်း ယခုနွေရာသီမှာ ကြီးမားတဲ့အပြောင်းအလဲတွေ ပြုလုပ်သွားဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဂျော်ဒီအယ်ဘာ၊ ပီကေး၊ အာတူရိုဗီဒယ်၊ လူးဝစ္စဆွာရက်ဇ်နဲ့ ကော်တင်ဟိုတို့လို ကြယ်ပွင့်ကစားသမားတွေဟာ ရောင်းထုတ်မယ့်စာရင်းထဲမှာ ပါဝင်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အင်္ဂါနေ့ညက အင်တာဗျူးမှာ ဘာတိုမြူက ဒမ်ဘီလီဟာ ယခုနွေရာသီမှာ ရောင်းထုတ်လို့မရနိုင်တဲ့ လူနည်းစုကစားသမားတွေထဲက တစ်ဦးအပါအဝင်ဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo: TEAMtalk

ယခုနွေရာသီမှာ ဘယ်ကစားသမားတွေက ရောင်းလို့မရတဲ့ကစားသမားတွေလဲလို့ မေးမြန်းခဲ့တဲ့အချိန်မှာ ဘာတိုမြူက လီယွန်နယ်မက်ဆီနဲ့ အခြားကစားသမားတွေနာမည်ကို ပြန်လည်ဖြေကြားသွားခဲ့တာဖြစ်ပါတယ်။

“လီယွန်နယ်မက်ဆီလို့ပဲ ပြောရပါလိမ့်မယ်။ မက်ဆီက သမိုင်းမှာ အကောင်းဆုံးကစားသမားဖြစ်ပေမယ့် အခြားအပြောင်းအရွှေ့ပြုလုပ်လို့မရနိုင်တဲ့ကစားသမားတွေလည်း ရှိနေပါသေးတယ်။ လူငယ်ကစားသမားတွေအများကြီးရှိနေတယ်။ တာစတီဂျန်၊ လန်းဂလတ်၊ ဒီဂျောင်၊ ဆီမီဒို၊ ဒမ်ဘီလီ၊ ဂရစ်ဇ်မန်းတို့ပေါ့။ သူတို့က ကျွန်တော်တို့ အများကြီးအားထားရတဲ့ကစားသမားတွေဖြစ်ပြီး ဘာကာမှာ နှစ်ပေါင်းများစွာ အချိန်ကုန်ဆုံးဖို့ ရောက်လာခဲ့ကြသူတွေပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။