မန်ချက်စတာစီးတီးဂန္တဝင် ယာယာတိုရေးက နည်းပြပက်ဂွါဒီယိုလာသာ စပိန်မှာ ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲမက်ဒရစ်အသင်းကိုသာ နည်းပြနေရတာဆိုရင် အခုလိုအခြေအနေမျိုးမှာဆို ပြဿနာတက်နေလောက်ပြီလို့ ပြောကြားခဲ့ပါတယ်။

ပက်ဂွါဒီယိုလာဟာ လက်ရှိအချိန်အထိ အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုတွေ ရယူပေးနိုင်ခြင်းမရှိသေးသူဖြစ်ပြီး မန်ချက်စတာစီးတီးဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ လိုင်ယွန်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ပြီး နောက်ထပ်တစ်ကြိမ် ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရတာဖြစ်ပါတယ်။ ယာယာတိုရေးဟာ မန်ချက်စတာစီးတီးအသင်းမှာ ကစားခဲ့စဉ်တုန်းက ဂွါဒီယိုလာနဲ့ ဆက်ဆံရေး မပြေလည်ခဲ့သူဖြစ်ပြီး မန်စီးတီးကို ဆီမီးဖိုင်နယ်အဆင့်အထိသာ အမြင့်ဆုံးပို့ဆောင်ပေးထားနိုင်တဲ့ နည်းပြဟောင်းရဲ့ စီမံခန့်ခွဲမှုအပေါ်မှာ မေးခွန်းထုတ်လိုက်တာဖြစ်ပါတယ်။

Photo: Goal.com

“တကယ်လို့ ဒီဟာက ဘာစီလိုနာ ဒါမှမဟုတ် ရီးရဲမက်ဒရစ်မှာသာဖြစ်ခဲ့ရင် သူကတော့ ဒုက္ခရောက်နေတော့မှာ သေချာသလောက်ပါပဲ။အဲဒါက ဘုတ်အဖွဲ့ကို မပျော်မရွှင်ဖြစ်စေပြီး သူနဲ့ပတ်သက်ပြီး ဘာလုပ်ကြမလဲဆိုတာ သူတို့ ဆုံးဖြတ်ကြတော့မှာပါ။ ကျွန်တော့်အတွက်ကတော့ သူက ဇီဒန်းနဲ့ ယာဂင်ကလော့ပ်တို့လို အဆင့်အတန်းမျိုးမှာရှိတဲ့သူပါ။ ဒါပေမယ့် အဲဒါက အသင်းနဲ့ဆိုင်ပါတယ်။ ကျွန်တော် စီးတီးကို သိပါတယ်။ သူတို့က နည်းပြလိုချင်တာဘာမဆို ပေးနိုင်တဲ့အသင်းပါ။ ဘာလို့လဲဆိုတော့ သူတို့မှာ အဲဒီလိုလုပ်ဖို့အတွက် ပိုက်ဆံတွေရှိတယ်ဆိုတာ အားလုံးလည်း သိကြပါတယ်”

“လူတွေက သူ ဒီကို လိဂ်ဖလားယူဖို့အတွက် လာခဲ့တယ်လို့ ပြောဖို့ နည်းလမ်းရှာနေကြပါတယ်။ အဲဒါကို ခင်ဗျား လိမ်လို့မရပါဘူး။ ဘာလို့လဲဆိုတော့ သူ့ကို တစ်နှစ်ပြီးတစ်နှစ် အသင်းကပေးနေတဲ့ ဘတ်ဂျက်ကြောင့် သူ အသင်းကို ချန်ပီယံရအောင် လုပ်ပေးဖို့ လိုအပ်နေလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။ ယာယာတိုရေးဟာ ၂၀၁၈ ခုနှစ်မှာ ၈ နှစ်ကြာကစားလာခဲ့တဲ့ မန်ချက်စတာစီးတီးကစားသမားဘဝကို အဆုံးသတ်ခဲ့သူဖြစ်ပြီး ချန်ပီယံလိဂ်ဖလားမကိုင်မြှောက်နိုင်ခဲ့တာက ၎င်းရဲ့ တစ်ခုတည်းသော နောင်တဖြစ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှာ မန်စီးတီးကို ပြောင်းရွှေ့ခဲ့တဲ့ ယာယာတိုရေးဟာ အသင်းရဲ့ အမှတ်ပေးဖလားအတွက် ၄၄ နှစ်ကြာစောင့်ဆိုင်းနေရမှုကို အဆုံးသတ်နိုင်အောင် ကူညီပေးခဲ့သူဖြစ်ပြီး အောင်မြင်မှုကို ရယူဖို့ ဝန်ထုပ်ဝန်ပိုးဖြစ်နေမယ်ဆိုတာ သိရှိနေတာဖြစ်ပါတယ်။

Photo: The Independent

“ဒါက ပြိုင်ပွဲပဲ။ အသင်းမှာ အရေးပါတဲ့လူအချို့က ကျွန်တော့်ကို ခေါ်ပြီး ပြောခဲ့တယ်။ ကျွန်တော် ကစားရမယ်။ ကျွန်တော် အသင်းကို ပို့ဆောင်ပေးရမယ်။ ကျွန်တော်တို့ ဆုဖလားတွေ အနိုင်ရဖို့ လိုတယ်။ ကျွန်တော်တို့ ဒါကို လုပ်ရမယ်ဆိုပြီး ပြောခဲ့ပါတယ်။ အဲဒါက ခက်ခဲခဲ့တယ်။ တစ်ပတ်ပြီး တစ်ပတ် ခင်ဗျား စိတ်ထဲမှာ ဒီဖိအားတွေနဲ့အတူ ကစားနေရတဲ့အချိန်မှာပေါ့”

“နည်းပြတစ်ယောက်အနေနဲ့ကျတော့ ကွဲပြားပါတယ်။ ခင်ဗျားက ဘုတ်အဖွဲ့ရဲ့ အားပေးထောက်ခံမှုကို ရနေတယ်။ ဘုတ်အဖွဲ့က ခင်ဗျားနောက်မှာရှိနေပြီး ခင်ဗျားလိုချင်တာမှန်သမျှ ဝယ်ယူပေးခဲ့တယ်။ ခင်ဗျားက အဲဒါကိုတောင် အသင်းကို အောင်မြင်မှုဆီမပို့ဆောင်ပေးနိုင်ဘူးဆိုရင်တော့ တော်တော်လေးတော့ ရှုပ်ထွေးသွားပါပြီ။ တက်စီကီဘယ်ဂီရီစတိန်း(ဘောလုံးဒါရိုက်တာ)နဲ့ ဖာရန်ဆိုရီယာနို(စီအီးအို)တို့က အမြဲတမ်း သူငယ်ချင်းတွေဖြစ်ခဲ့ကြပြီး သူတို့တွေ အခုဖြစ်နေတာတွေကို ပြောင်းလဲပစ်ဖို့(နည်းပြသစ်ခန့်အပ်ဖို့ကိုဆိုလို) နည်းလမ်းရှာမတွေ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။