အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်တဲ့ရက်တွေကိုကြုံဖူးကြမယ်ထင်ပါတယ်။ စာမေးပွဲဖြေရမယ့်ရက်တွေ အလုပ်အင်တာဗျူးဖြေရမယ့်ရက်မတိုင်မှီ ညမျိုးတွေမှာ စိတ်လှုပ်ရှားမှုမြင့်တက်ပြီး ညဘက်အိပ်မပျော်တာမျိုးတွေရှိတက်ပါတယ်။ ဒီလိုညဘက်မှာ ကောင်းကောင်းမအိပ်လိုက်ရပဲ အိပ်ရေးမဝပေမယ့် နောက်နေ့မှာလန်းဆန်းတက်ကြွနေစေဖို့ဆိုရင် အခုပြောပြမယ့်အချက်တွေလုပ်ဆောင်ကြည့်ဖို့အကြံပြုချင်ပါတယ်။

(၁) အဟာရပြည့်ဝစွာစားပါ

Source : Lepa&Srećna

ကောင်းစွာအိပ်စက်အနားယူခြင်းမရှိထားတဲ့ ခန္ဓာကိုယ်အတွက် စွမ်းအင်ပြန်လည်ဖြည့်တင်းပြီး လန်းဆန်းနေစေဖို့ရာ အစာအဟာရကောင်းကောင်းစားသုံးပေးဖို့လိုအပ်ပါတယ်။ ဒါကြောင့် ညဘက်မှာကောင်းကောင်းမအိပ်စက်ခဲ့ရဘူးဆိုရင် နောက်တနေ့မနက်မှာ ပရိုတိန်းဓာတ်ပါတဲ့ အသား ကြက်ဥ ပဲအမျိုးမျိုး ဗီတာမင်စီကြွယ်ဝတဲ့ အသီးအနှံတွေ စတဲ့အစားအစာတွေကို များများစားပေးပါ။

(၂) အသေးစားလေ့ကျင့်ခန်းပြုလုပ်ပါ

Source : Men’s Journal

ခန္ဓာကိုယ်ကိုလှုပ်လှုပ်ရှားရှားဖြစ်စေမယ့် အေရိုးဗစ်လေ့ကျင့်ခန်းတွေ လမ်းလျောက်ခြင်း ဒိုက်ထိုးခြင်းစတဲ့ ပေါ့ပေါ့ပါးပါးပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေကို အချိန် ၁၀ မိနစ်လောက်ပေးပြီးပြုလုပ်ပေးပါ။ ဒီလိုအသေးစားလေ့ကျင့်ခန်းလေးတွေပြုလုပ်ပြီး ခန္ဓာကိုယ်ကိုလှုပ်လှုပ်ရှားရှားနေပေးတာက စွမ်းအင်ကိုယာယီမြှင့်တင်ပေးပြီး လန်းဆန်းစေမှာဖြစ်ပါတယ်။

(၃) နေရောင်ခြည်နှင့်ထိတွေ့ပါ

Source : 24Life

မနက်ခင်းရဲ့လတ်ဆတ်တဲ့လေကိုရှုရှိုက်ခြင်း နေရောင်ခြည်နှင့်ထိတွေ့ခြင်းက ခန္ဓာကိုယ်ဇီဝနာရီကို ပြန်လည်ပြုပြင်ပေးပြီး ခန္ဓာကိုယ်ရဲ့သွေးလည်ပတ်ကိုမိုပိုကောင်းမွန်စေဖို့ကူညီပေးပါတယ်။ ခန္ဓာကိုယ်စွမ်းအင်ကိုလည်း သဘာဝအတိုင်းပြန်လည်ဖြည့်တင်းပေးပြီး တနေ့တာလုံးကို လန်းဆန်းနေစေဖို့ကူညီပေးမှာဖြစ်ပါတယ်။ ဒါကြောင့်ညဘက်မှာအိပ်ရေးပျက်ထားရင် မနက်ခင်းစောစောထပြီး သဘာဝလေကိုရှုရှိုက်ပါ။ နေရောင်ခြည်နဲ့ထိတွေ့ပါ။

(၄) ကော်ဖီသောက်ပါ

Source : Guy Counseling

အိပ်ရေးပျက်ထားတဲ့လူတစ်ယောက်အတွက် လန်းဆန်းတက်ကြွစေဖို့အကောင်းဆုံးဆေးတစ်ခွက်က ကော်ဖီဖြစ်ပါတယ်။ကော်ဖီမှာပါဝင်ကဖိန်းဓာတ်က ဦးနှောက်ကိုလန်းဆန်းစေပြီး တက်ကြွမှုတွေပေးစွမ်းပါတယ်။ သို့သော် ကဖိန်းဓာတ်အလွန်အကျွံသောက်သုံးတာကတော့ ကျန်းမာရေးအတွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။ တနေ့တာအတွက် အများဆုံးကော်ဖီနှစ်ခွက်လောက်သာ သောက်သုံးပေးရင်လုံလောက်ပါတယ်။ အကယ်၍ကော်ဖီမကြိုက်သူတစ်ယောက်ဆိုရင်တော့ ရေများများသောက်ပေးပါ။ရေဓာတ်ပြည့်ဝနေခြင်းကလည်း စွမ်းအင်ပြန်လည်ပြည့်ဝပြီးလန်းဆန်းနေမှာဖြစ်ပါတယ်။

(၅) တရေးအိပ်ပါ

Source : MSN.com

ညဘက်မှာကောင်းစွာအိပ်စက်မထားဘူးဆိုရင်နောက်တနေ့မှာ လန်းဆန်းနေဖို့က အလွန်ခက်ခဲမှာဖြစ်ပါတယ်။ ခန္ဓာကိုယ်စွမ်းအင်ကိုပြန်လည်ဖြည့်တင်းပြီး လန်းဆန်းစေဖို့ဆိုရင်တော့ အကောင်းဆုံးကနေ့လည်နေခင်းမှာ ၁၅ မိနစ်လောက်တရေးပြန်မှေးသင့်ပါတယ်။ သတိထားရမှာတစ်ခုက နာရီဝက်ထက်ပိုပြီး အိပ်လိုက်မယ်ဆိုရင်တော့ သင့်ကိုပြန်နိုးထဖို့ခက်ခဲစေမှာဖြစ်ပြီး အိပ်ရေးမဝတဲ့ဒဏ်ကိုပိုခံစားရစေနိုင်ပါတယ်။ ၁၅ မိနစ် မိနစ် ၂၀လောက်တရေးအိပ်လိုက်ရင်တော့ ခန္ဓာကိုယ်စွမ်းအင်ပြန်လည်ပြည့်ဝပြီး လန်းဆန်းတက်ကြွလာမှာဖြစ်ပါတယ်။