ကလေးတွေ Mask တပ်သင့်သလားဆိုတာ အရွယ်နဲ့ ဆိုင်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO က ပြောပါတယ်။
WHO ဟာ ကလေးငယ်များ Face Mask တပ်ဆင်မှုနဲ့ပတ်သက်လို့ ညွှန်ကြားချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၅ နှစ်နဲ့အောက် ကလေးတွေဟာ အကူအညီမပါဘဲ Mask မတပ်နိုင်တာဖြစ်လို့ Mask တပ်စရာမလိုဘူးလို့ WHO က ဆိုပါတယ်။

Photo: Insider
အသက် ၆ နှစ်နဲ့ ၁၁ နှစ်အရွယ် ကလေးတွေကတော့ အခြေအနေပေါ်လိုက်ပြီး Mask တပ်သင့်တယ်လို့ ပြောပါတယ်။ ဥပမာ- ဒေသတွင်း ကူးစက်မှု မြင့်တက်နေချိန်မျိုးနဲ့ ဗိုင်းရပ်စ်ကူးက်နိုင်ခြေမြင့်မားသူတွေနဲ့ အတူရှိနေချိန်မျိုး ဖြစ်ပါတယ်။ ဒီအရွယ်တွေဟာ ကိုယ်တိုင် Mask ကို စနစ်တကျ တပ်နိုင်တဲ့ အရွယ်လည်း ဖြစ်ပါတယ်။
အသက် ၁၂ နှစ်နဲ့ အထက် ကလေးတွေဟာ အရွယ်ရောက်နှင့်ပြီးသား လူကြီးတွေလိုပဲ WHO က ညွှန်ကြားထားတဲ့ အချင်းချင်းခပ်ခွာခွာနေဖို့နဲ့ Mask တပ်ဆင်ဖို့ဆိုတဲ့ ညွှန်ကြားချက်တွေ လိုက်နာရမှာပါ။ WHO ဟာ ဒီလမ်းညွှန်ချက်တွေ ထုတ်ပြန်ဖို့ UNICEF ၊ နိုင်ငံတကာကလေးသူငယ်များဆိုင်ရာအဖွဲ့အစည်းနဲ့ တစ်ခြား ကျန်းမာရေးအဖွဲ့အစည်းများ ၊ ကျွမ်းကျင်သူများနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ကလေးငယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု နည်းတယ်ဆိုပြီးလည်း တစ်ချို့အထောက်အထားတွေက ဖော်ပြနေပါတယ်။ ကလေးငယ်တွေဟာ အရွယ်ရောက်ပြီးသား လူကြီးတွေနဲ့ စာရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှု ပိုနည်းပါတယ်။ ဒါပေမယ့်လည်း ဒီအချက်ဟာ အသက်အရွယ်ပေါ်လိုက်ပြီး ကွာခြားမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။
အသက်ပိုကြီးတဲ့ တစ်ချို့ကလေးငယ်တွေဟာ ပိုငယ်တဲ့သူတွေထက် ဗိုင်းရပ်စ်ကူးစက်မှု ပိုမြင့်မားနိုင်တယ်လို့ WHO က လက်ခံထားပါတယ်။ COVID-19 ကူးစက်မှု မဖြစ်အောင် ကလေးငယ်တွေ Mask တပ်ခိုင်းတာကိုလည်း တစ်ခြားကျန်းမာရေးပြဿနာတွေနဲ့ ဆက်စပ်ပြီး ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ ချိန်ဆဖို့ လိုမယ်လို့ WHO က ဆိုပါတယ်။

Photo: PRI.org
အမေရိကန်ကလေးငယ်များ စောင့်ရှောက်ရေးအကယ်ဒမီရဲ့ အဆိုအရ ဇူလိုင် ၃၀ နဲ့ ဩဂုတ်လ ၁၃ ရက်အတွင်း ကလေးငယ်များမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုသစ် ၇၅၀၀၀ ကျော် ရှိလာပြီး စုစုပေါင်း ၂၄% မြင့်တက်လာတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လထဲမှာ ကလေးငယ်ပေါင်း ၃၄၀၀၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီး ဒါဟာ အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ကူးစက်မှုအရေအတွက်ရဲ့ ၉% ခန့် ရှိခဲ့တာ ဖြစ်ပါတယ်။
