လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဟာရေဓာတ် ၇၀ ရာခိုင်နှုန်းဖြင့်ဖွဲ့စည်းထားတာဖြစ်ပြီး တစ်နေ့တာအတွက် ရေဓာတ်လုံလုံလောက်လောက် သောက်သုံးပေးဖို့ အလွန်ရေးကြီးပါတယ်။ တခါတလေမှာ အလုပ်များလို့ဖြစ်စေ အဲယားကွန်းခန်းထဲမှာအနေများလို့ဖြစ်စေ ရေသောက်ဖို့ကိုမေ့နေတက်ကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ ရေဓာတ်ကို လုံလောက်အောင်သောက်သုံးပေးနိုင်ဖို့ ရိုးရှင်းတဲ့ နည်းလမ်းတချို့ကိုမျှဝေပေးချင်ပါတယ်။

(၁) နေ့စဉ်ရည်မှန်းချက်ထားပါ

Source : Healthline

နေ့စဉ်တစ်ရက်ကို ရေဘယ်လောက်သောက်မယ်ဆိုတဲ့ ရည်မှန်းချက်တစ်ခုသတ်မှတ်ထားခြင်းက ရေပိုသောက်ဖြစ်ဖို့ ကူညီပေးနိုင်ပါတယ်။ လူတစ်ယောက်အတွက် ပျမ်းမျှအားဖြင့် တနေ့ကိုရေ ၈ ခွက်သောက်သုံးပေးဖို့လိုအပ်ပြီး မနက်ပိုင်းမှာ ဘယ်နှစ်ခွက်သောက်မယ် ညနေပိုင်းမှာဘယ်နှစ်ခွက်သောက်မယ့် စသည်ဖြင့် တိကျတဲ့ ရည်မှန်းချက်တစ်ခုထားလိုက်ပါ။

(၂) ရေဘူးတစ်ဘူးသင့်အနီးအနားမှာထားပါ

Source : Getty Images

အိမ်မှာဖြစ်စေအလုပ်မှာဖြစ်စေ သင့်ရဲ့အနီးအနားမှာ ရေပြန်ဖြည့်လို့ရမယ့် ရေဘူးတစ်ဘူးအမြဲဆောင်ထားသင့်ပါတယ်။ ဒီနည်းလမ်းက သင့်ကိုရေသောက်ဖြစ်စေဖို့ တွန်းအားဖြစ်စေမှာဖြစ်ပြီး အနီးအနားမှာ အလွယ်တကူယူသောက်နိုင်တဲ့ရေဘူးရှိနေတဲ့အတွက် ရေများများ ပိုသောက်မိစေမှာသေချာပါတယ်။

(၃) ရေသောက်ဖို့သတိပေးတဲ့ အက်ပလီကေးရှင်းတွေသုံးပါ

Source : MBReviews

သင့်ရဲ စမတ်ဖုန်း သို့ စမတ်နာရီတွေမှာ ရေသောက်ဖို့သတိပေးတဲ့ အက်ပလီကေးရှင်းတွေထည့်ထားသင့်ပါတယ်။ ဥပမာ သင့်အနေနဲ့ မိနစ် ၃၀ ကြာတစ်ခါ သတိပေးချက်တစ်ခုသတ်မှတ်ထားမယ်ဆိုရင် မိနစ် ၃၀ ပြည့်ပြီးတိုင်းမှာ သင့်ကိုရေသောက်ဖို့အတွက် Remind လုပ်နေမှာဖြစ်ပါတယ်။ ဒါဆိုရင် ရေသောက်ဖို့ကိုမေ့လျော့နေတော့မှာမဟုတ်သလို ရေပိုသောက်ဖြစ်ဖို့လည်းအခွင့်အရေးပိုများလာစေမှာဖြစ်ပါတယ်။

(၄) အချိုရည်တွေအစားရေပိုသောက်ပါ

Source : Healthline

လူအများစုက အားဖြည့်အချိုရည်တွေ သကြားဓာတ်လွန်ကဲတဲ့ အချိုရည်တွေ Soft Drink တွေကို နေ့စဉ်နေ့တိုင်းသောက်မိနေကြပါတယ်။ တကယ်တော့ ဒီလိုအချိုရည်တွေမှာ ကယ်လိုရီများစွာပါဝင်ပြီး အလွန်အကျွံသောက်သုံးပါက ဘေးဖြစ်စေနိုင်တဲ့အရာတွေများစွာရှိနေပါတယ်။ သင့်ဟာ အချိုရည်တွေနေ့တိုင်းသောက်နေမိသူတယောက်ဆိုရင် အချိုရည်အစား ရေကိုပဲသောက်လိုက်ပါ။ ရေက အမှန်တကယ်အမောပြေပြီး ခန္ဓာကိုယ်ကိုစွမ်းအင်ကိုသဘာဝအတိုင်းမြင့်တင်ပေးပါတယ်။

(၅) အစားမစားမီရေသောက်ပါ

Source : Runtastic

အစားအစာတစ်ခုခု မစားခင်အချိန်တိုင်းမှာ ရေတခွက်သောက်တဲ့အလေ့အကျင့်ကိုပြုလုပ်ထားခြင်းက တစ်နေ့တာအတွက် ရေသောက်တဲ့ ပမာဏကိုတိုးမြှင့်စေနိုင်တဲ့ နည်းလမ်းကောင်းတခုဖြစ်ပါတယ်။ အကယ်၍ သင်က တစ်နေ့လျှင် သုံးကြိမ်အစားအစာ စားတယ်ဆိုရင် သင်ရဲ့နေ့စဉ်ရေသောက်သုံးတဲ့ ပမာဏမှာ ရေ (၃) ခွက်အပိုသောက်မိမှာဖြစ်ပါတယ်။ အစားမစားမီရေသောက်တာက ရေပိုသောက်မိစေဖို့ ကူညီပေးတဲ့အပြင် ကိုယ်အလေးချိန်လျော့ကျစေဖို့လည်းအထောက်အကူဖြစ်စေပါတယ်။