အသက်ကြီးလာတာနဲ့အမျှ ဆံပင်ဖြူတွေပေါက်လာကြတာဟာ ရှောင်လွဲလို့မရနိုင်တဲ့ သဘာဝတရားဖြစ်ပါတယ်။သို့သော်လည်း တချို့သောလူငယ်ပိုင်း အသက်အရွှယ်ငယ်သူတွေမှာလည်း ဆံပင်ဖြူပေါက်တာမျိုးတွေမြင်ဖူးကြမှာပါ။ ဆံပင်ဖြူပေါက်တာက မျိုးရိုးဗီဇအရဖြစ်နိုင်သလို နေထိုင်မှုပုံစံပေါ်လိုက်ပြီးလည်း ဆံပင်ဖြူတွေပေါက်လေ့ရှိတဲ့အပြင် တခြားသောအကြောင်းအရင်းများကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အရွယ်မတိုင်ခင် ဆံပင်ဖြူပေါက်စေတဲ့ အကြောင်းအရင်းတွေထဲက တချို့ကိုစာဖတ်သူတို့ သတိထားဆင်ခြင်နိုင်စေဖို့ မျှဝေပေးချင်ပါတယ်။

(၁) အာဟာရဓာတ်ချို့တဲ့ခြင်း

Source : Flint Rehab

အများအားဖြင့် ဆံပင်ဖြူစေတဲ့ အဓိကအကြောင်းအရင်းဟာ မယ်လနင်ဓာတ်ချို့တဲ့ခြင်းကြောင့်ဖြစ်ပါတယ်။ မယ်လနင်ဓာတ်ထုတ်လုပ်မှုဟာ သင့်လျော်သောအာဟာရဓာတ်နှင့် ပရိုတင်းဓာတ်များ အပေါ်မူတည်နေပါတယ်။ သင့်အနေနဲ့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အစာအာဟာရဓာတ် ဗီတာမင်ဓာတ် ပရိုတင်းဓာတ်များကို လုံလောက်အောင်မစားသုံးဘူးဆိုရင် ခန္ဓာကိုယ်ကနေ မယ်လနင်ဓာတ်ထုတ်လုပ်မှုလျော့နည်းလာပြီး ဆံပင်ဖြူများပေါက်လာမှာဖြစ်ပါတယ်။

(၂) စိတ်ဖိစီးမှုများခြင်း

Source : ZDNet

လေ့လာမှုတွေအရ စိတ်ဖိစီးမှုများတဲ့သူတွေဟာ ဆံပင်ဖြူပေါက်ဖို့ရာခိုင်နှုန်းပိုများတယ်လို့ သုတေသနပညာရှင်တွေက ပြောထားပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေများနေခြင်း စိုးရိမ်ပူပင်ခြင်းနှင့် စိတ်ဖိစီးမှုများခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးကို ဆိုးရွှားစွာထိခိုက်စေနိုင်သလို အရွယ်မတိုင်မီ ဆံပင်ဖြူပေါက်ခြင်းကိုဖြစ်စေနိုင်တဲ့အဓိကအကြောင်းအရင်းတွေထဲကတစ်ခုဖြစ်ပါတယ်။

(၃) ဆေးလိပ်သောက်ခြင်း

Source : The Morning Call

နောက်ထပ်အရွှယ်မတိုင်မီ ဆံပင်ဖြူရတဲ့ အကြောင်းအရင်းတစ်ခုကတော့ ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်းဖြစ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကြောင့် ဦးရေပြားမွေးညှင်းပေါက်တွေကိုပိတ်စေပြီး ဆံသားကျန်းမာရေးကိုလည်းဆိုးရွှားစွာထိခိုက်ပျက်စီးစေကာ ငယ်ငယ်ရွှယ်ရွှယ်နဲ့ ဆံပင်ဖြူများပေါက်လာစေတာဖြစ်ပါတယ်။

(၄) ဓာတုပစ္စည်းများအသုံးပြုခြင်း

Source : Man of Many

ဓာတုပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတဲ့ ခေါင်းလျော်ရည် ဆံပင်ဆိုးဆေးများ ဆပ်ပြာများကိုအသုံးပြုခြင်းဟာ ဆံပင်ဖြူပေါက်စေနိုင်တဲ့အကြောင်းအရင်းတွေထဲကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ တချို့သော ကုန်ပစ္စည်းတွေဟာ ကိုယ့်ရဲ့ဦးရေပြားနဲ့ ဓာတ်မတည့်တဲ့အခါ ဦးရေပြားမှာအနာဖြစ်ခြင်း ရောင်ရမ်းနာကျင်ခြင်းတွေကိုပါဖြစ်စေနိုင်တာကြောင့် ခေါင်းလျော်ရည် ဆံပင်ဆိုးဆေး ဆပ်ပြာတွေဓာတုပစ္စည်းမပါတာမျိုးကိုပဲ သေချာရွေးသုံးဖို့အကြံပြုချင်ပါတယ်။