ကိုယ်အလေးချိန်ကျဖို့ အစားအသောက်လည်း ထိန်းတယ် လေ့ကျင့်ခန်းလည်းလုပ်တယ်ဆိုပေမယ့် ထင်သလောက်ဝိတ်မကျတာဘာကြောင့်လဲ။ သင့်ရဲ့ နေ့စဉ်လူနေမှုပုံစံတစ်ချို့မှားယွင်းနေရင်လည်း ဝိတ်ကျဖို့ခက်ခဲနေမှာဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ သင့်ကိုထင်သလောက်ဝိတ်မကျစေတဲ့ နေထိုင်မှုပုံစံအမှားတချို့ကိုပြောပြပေးချင်ပါတယ်။

Source : Freepik

လေ့လာမှုများအရ အိပ်ရေးပျက်ခြင်းက အဝလွန်ခြင်းဆိုတဲ့ ရောဂါလက္ခဏာနဲ့ ဆက်စပ်နေတဲ့အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်ဇီဝဖြစ်စဉ်တွေကို ကမောက်ကမဖြစ်စေပြီး အစားစားချင်စိတ်ကိုပိုဖြစ်စေတာကြောင့် ဝိတ်ကျဖို့ခက်ခဲစေတာဖြစ်ပါတယ်။ဖုန်း ကွန်ပြူတာ တီဗီစတဲ့နည်းပညာပစ္စည်းတွေကို အသုံးများခြင်းက အပေါ်မှာပြောခဲ့တဲ့အချက်အတိုင်း သင့်ရဲ့ အိပ်စက်ခြင်းကိုအနှောက်ယှက်ဖြစ်စေပါတယ်။ အိပ်ရေးပျက်ရင် ဝိတ်တက်ဖို့အခွင့်အရေးပိုများစေတာကြောင့် ညအချိန်မှာ အဆိုပါနည်းပညာပစ္စည်းတွေအသုံးပြုခြင်းကို လျော့ချဖို့လိုအပ်ပါတယ်။

ဝိတ်ချနေသူတစ်ယောက်အတွက် မနက်စာကအရမ်းကိုအရေးကြီးပါတယ်။ ပရိုတင်းဓာတ်လုံလောက်တဲ့ မနက်စာစားသုံးပေးမှသာ တနေ့တာလုံးအစာစားချင်စိတ်ကိုလျော့နည်းစေပြီး ဝိတ်ကျဖို့ အကူညီဖြစ်စေမှာပါ။ မဟုတ်ရင်တော့ ဆာလောင်မွတ်သိပ်မှုပိုခံစားရစေပြီး အလွန်အကျွံစားမိတက်ပါတယ်။

Source : Istock

ညစာကိုနောက်ကျမှစားသုံးခြင်းဟာ ကိုယ်အလေးချိန်တိုးစေခြင်း၊ ကိုလက်စထရောနှင့်အင်ဆူလင်ပမာဏကိုမြင့်တက်စေခြင်း၊ ဇီဝဖြစ်စဉ်လုပ်ဆောင်မှုကိုဟန့်တားခြင်းစတဲ့ ဆိုးကျိုးတွေဖြစ်စေပါတယ်။တနေ့တာအထိုင်များတဲ့သူတွေဟာ ခန္ဓာကိုယ်မှာအဆီပိုတွေပိုမိုစုလာစေဖို့ အခွင့်အရေးပိုများပါတယ်။ အထိုင်များခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေဟာ ကိုယ်အလေးချိန်များစေခြင်းအပြင် နှလုံး သွေးတိုး ဆီးချို စတဲ့ရောဂါတွေကိုပါဖြစ်စေနိုင်ပါတယ်။

ဝိတ်ကျဖို့ရာ အစားအသောက်ထိန်းရုံတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လေ့ကျင့်ခန်းကိုလည်းမဖြစ်မနေလုပ်ဖို့လိုအပ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ရာမှာလည်း စိတ်ကူးပေါက်မှထလုပ်တာမျိုးမဟုတ်ပဲ နေ့စဉ်ပုံမှန်လုပ်သွားရမှာပါ။ မဟုတ်ရင်တော့ ဝိတ်ကျဖို့ခက်ခဲနေပါလိမ့်မယ်။