ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးက ၂၀၂၀ ခုနှစ်အတွက် ဘလွန်းဒီအော်ဆုပေးပွဲကိုသာ မဖျက်သိမ်းခဲ့ဘူးဆိုရင် ဘလွန်းဒီအော်ဆုကို ရရှိဖို့ ထိုက်တန်သူက ၎င်းသာဖြစ်တယ်လို့ ယုံကြည်နေကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။

France Football က ပြီးခဲ့တဲ့ဇူလိုင်လမှာ ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရဲ့ ၂၀၁၉-၂၀၂၀ ရာသီကို အနှောင့်အယှက်ပေးခဲ့မှုကြောင့် ဘလွန်းဒီအော်ဆုကို ပေးအပ်သွားမှာမဟုတ်ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။ လီဝန်ဒေါစကီးဟာ ယခုနှစ်အတွက် ဘလွန်းဒီအော်ဆုရရှိဖို့ ရေပန်းစားနေတဲ့ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းကို ဘွန်ဒက်စ်လီဂါ၊ ပိုကယ်ဖလားနဲ့ ချန်ပီယံလိဂ်ဖလား ၃ လုံးရရှိအောင် ပြိုင်ပွဲစုံမှာ ၅၅ ဂိုးအထိ သွင်းယူပေးခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

Photo: loopnewslive

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပိုလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ယခုအချိန်မှာ ဘလွန်းဒီအော်က ၎င်းရဲ့စိတ်ထဲမှာ လုံးဝမရှိတော့ပေမယ့် ဆုရရှိဖို့ထိုက်တန်သူဖြစ်ခဲ့တယ်လို့ တွေးမိခဲ့ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အဲဒီအကြောင်း လုံးဝကို မတွေးတော့ပါဘူး။ ကျွန်တော် ချန်ပီယံလိဂ်ဖလား ရခဲ့သေးတယ်ဆိုတာ သိခဲ့တယ်။ ပြီးတော့ တိုတောင်းတဲ့အားလပ်ရက်အပြီးမှာ ဘွန်ဒက်စ်လီဂါက ပြန်လည်စတင်ခဲ့တာပါ”

“ကျွန်တော့်ရဲ့ ပထမဦးစားပေးတွေကို သိပါတယ်။ ကျွန်တော့်ရဲ့ အာရုံစူးစိုက်မှုက ချန်ပီယံလိဂ်ဖလားအပေါ်မှာပါ။ ဘယ်လိုဖြစ်လာနိုင်စရာမရှိတော့တဲ့ တစ်ဦးချင်းဆုတံဆိပ်အပေါ်မှာမဟုတ်ပါဘူး။ အဲဒီပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ချက်က နှစ်အလယ်မှာ ချမှတ်ခဲ့တာဖြစ်ပြီး ဘလွန်းဒီအော်က ဒီဇင်ဘာလမှာ ကျင်းပရမှာပါ။ နောက်ဆုံးသတ်မှတ်ရက်က ကျွန်တော့်စိတ်ထဲမှာ နေရာယူထားဖို့ အရမ်းဝေးကွာခဲ့ပါတယ်”

Photo: GiveMeSport

ဆုပေးမယ်ဆို ဘယ်ကစားသမားကို ဆုပေးသွားမလဲလို့ မေးမြန်းခဲ့တဲ့အချိန်မှာ “ကျွန်တော့်ကိုယ် ကျွန်တော်ပေးမှာပါ။ ကျွန်တော်တို့ အနိုင်ယူဖို့ရှိနေတဲ့အရာတွေအားလုံးကို အနိုင်ရရှိခဲ့တယ်။ ကျွန်တော် ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ပြိုင်ပွဲတိုင်းမှာ ဆုရရှိခဲ့တယ်။ ဒီလိုဟာတွေရရှိထားတဲ့ကစားသမားက ဘလွန်းဒီအော်ဆုကို ရရှိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။