ဂျူဗင်တပ်အသင်းဟာ ၎င်းတို့ရဲ့ တိုက်စစ်ကို ဦးဆောင်မယ့် ကမ္ဘာ့အဆင့်ကစားသမားအဖြစ် လူးဝစ္စဆွာရက်ဇ်ကို လျာထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းပေးမယ့် ပေါင် ၂၂ သန်းကို ယူပြီး ဂျူဗင်တပ်ကို ပြောင်းရွှေ့တော့မယ်လို့ Daily Mail ရဲ့သတင်းအရ သိရပါတယ်။

Photo: Yahoo Sports
လူးဝစ္စဆွာရက်ဇ်ဟာ ယခုရာသီမှာ အသက် ၃၄ နှစ်ပြည့်မြောက်တော့မှာဖြစ်ပေမယ့် ဘာစီလိုနာမှာ ပြသခဲ့တဲ့ စွမ်းဆောင်ရည်အတိုင်း တူရင်မှာ ပြသနိုင်လိမ့်မယ်လို့ ယုံကြည်နေတဲ့ ဂျူဗင်တပ်အတွက်တော့ ၎င်းရဲ့အသက်အရွယ်ဟာ အတားအဆီးတစ်ခုမဖြစ်ခဲ့တာဖြစ်ပါတယ်။ Gazzetta dello Sport နဲ့ Corriere dello Sport တို့ရဲ့သတင်းတွေအရ လူးဝစ္စဆွာရက်ဇ်နဲ့ ဂျူဗင်တပ်အသင်းတို့ဟာ အပြောင်းအရွှေ့အတွက် သဘောတူညီမှုရရှိခဲ့ကြပြီလို့ သိရပါတယ်။
ဆွာရက်ဇ်ဟာ ဂျူဗင်တပ်ဒုဥက္ကဌ ပါဗယ်နက်ဗက်ကို ဆက်သွယ်ပြီး ၎င်းဟာ နူးကမ့်က ရော်နယ်ကိုးမန်းရဲ့အစီအစဉ်ထဲမှာ မပါတော့ကြောင်း ပြောကြားခဲ့ပြီး ဂျူဗင်တပ်နည်းပြသစ်ပီယာလိုဟာ လူးဝစ္စဆွာရက်ဇ်ကို ဖုန်းဆက် စကားပြောဆိုခဲ့ရာမှာ ၎င်းဟာ လီယွန်နယ်မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့အတူ စွမ်းဆောင်ရည်ကောင်းပြသနိုင်တဲ့ ကမ္ဘာပေါ်က တစ်ဦးတည်းသောကစားသမားဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Photo : Sports Mole
ပီယာလိုဟာ လူးဝစ္စဆွာရက်ဇ်က ၎င်းရဲ့ရှေ့ဆက်မယ့်အစီအစဉ်မှာ အဓိကအစိတ်အပိုင်းက ပါဝင်တဲ့ကစားသမားဖြစ်ကြောင်း ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပြီးနောက် ဥရုဂွေးတိုက်စစ်မှူးဟာ တူရင်ကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ လူးဝစ္စဆွာရက်ဇ်ရဲ့ အပြောင်းအရွှေ့ဟာ ရက်ပိုင်းအတွင်းမှာပဲ လျင်လျင်မြန်မြန် အပြီးသတ်နိုင်ဖွယ်ရှိနေပြီး ဘာစီလိုနာအသင်းဟာ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးကို ပေါင် ၂၂ သန်းပေးပြီး စောစောစီးစီး အသင်းကနေ ထွက်ခွာခွင့်ပေးသွားမယ်လို့ သိရပါတယ်။
