ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ လာလီဂါရဲ့ကောင်းကျိုးအတွက် ဘာစီလိုနာအသင်းမှာ လီယွန်နယ်မက်ဆီ ဆက်ရှိနေဖို့ မျှော်လင့်နေကြောင်း Sportskeeda က ဖော်ပြခဲ့ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့အပတ်က အသင်းကို စွန့်ခွာချင်တဲ့ဆန္ဒကို အသိပေးခဲ့ပြီးနောက် ဘာစီလိုနာတစ်သင်းလုံးကို လှုပ်ခတ်စေခဲ့တာဖြစ်ပြီး ၎င်းရဲ့အေးဂျင့်အဖြစ်ဆောင်ရွက်ပေးနေတဲ့ ဖခင်ဖြစ်သူကလည်း ဗုဒ္ဓဟူးနေ့မှာ အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ၎င်းရဲ့သား ဆက်နေဖို့ အရမ်းခက်ခဲလိမ့်မယ်ဆိုတဲ့အကြောင်းကို ပြောကြားဖို့ ကတ်တလန်ကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Photo: sportskeeda

မက်ဆီရဲ့ ဖခင် ဂျော့ဂျ်မက်ဆီနဲ့ အသင်းတာဝန်ရှိသူတွေရဲ့ အစည်းအဝေးဟာ ညနေကနေ ဒေသစံတော်ချိန် ည ၉ နာရီအထိ အချိန်ကြာမြင့်ခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတွေရဲ့ဖော်ပြချက်အရ သိရပြီး ဘာသဘောတူညီမှုမှ ရရှိခဲ့ခြင်းမရှိဘူးလို့ ဖော်ပြခဲ့ပါတယ်။

မက်ဆီဟာ ၎င်းရဲ့စာချုပ်ထဲမှာ ထည့်သွင်းထားတဲ့ အသင်းကနေ ထွက်ခွာခွင့်အရ ၂၀၁၉-၂၀၂၀ ရာသီကုန်မှာ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရှိနေတာဖြစ်ပေမယ့်လည်း ထွက်ခွာခွင့်ရရှိခဲ့တဲ့ကာလဟာ မေလကုန်မှာ သက်တမ်းကုန်ဆုံးမယ်လို့ ဆိုထားတာဖြစ်ပါတယ်။

ဒါပေမယ့် မက်ဆီနဲ့ ၎င်းရဲ့ ဥပဒေရေးရာအဖွဲ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရာသီကုန်ဆုံးမယ့်အချိန်ကို တိုးမြှင့်လိုက်တာကြောင့် အသင်းကနေ ထွက်ခွာခွင့်သတ်မှတ်ထားတဲ့အချိန်ကလည်း လိုက်ပါတိုးမြှင့်သွားလို့ အသင်းကနေ ထွက်ခွာခွင့်ရှိနေဆဲလို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

စပိန်လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲကစားပေးဖို့ ပူးပေါင်းခဲ့တဲ့ ဆာဂျီယိုရာမို့စ်ကို ဗုဒ္ဓဟူးနေ့ညနေမှာ မက်ဆီရဲ့အခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ရာမှာ ရီးရဲမက်ဒရစ်အသင်းခေါင်းဆောင်က အယ်ကလက်စီကိုပြိုင်ဘက်မက်ဆီကို ဘာစီလိုနာအသင်းမှာသာ ဆက်ပြီး နေစေချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“အဲဒါက ကျွန်တော်တို့နဲ့ ဆိုင်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်ဖို့အတွက် သူ့မှာ အခွင့်အရေးရှိပါတယ်”

Photo: Yahoo Sports

“သူ အဲဒီကိစ္စကို အကောင်းဆုံးနည်းလမ်းနဲ့လုပ်နေလားဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ဟုတ်တာပေ့ါ။ စပိန်ဘောလုံးလောကအတွက်၊ ဘာစီလိုနာအတွက်၊ အကောင်းဆုံးဆိုတာကို အနိုင်ယူချင်တဲ့ ကျွန်တော်တို့(ရီးရဲ)အတွက် သူ့ကို ဒီမှာ ဆက်နေစေချင်ပါတယ်”

“အဲဒါက လာလီဂါနဲ့ သူ့အသင်းကို ပိုမိုကောင်းမွန်အောင် လုပ်ပေးနိုင်ပြီး ကလက်စီကိုက ပိုပြီး လှပမှာပါ။ ကျွန်တော်နည်းနည်းထပ်ပြောချင်တာက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး သူ့မှာ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ်”

“ကောလာဟလတွေကို ခေါင်းထဲမထားဘဲ ကျွန်တော်တို့ ဘာတွေဖြစ်လာမလဲဆိုတာ ကြည့်ကြတာပေါ့။ ကျွန်တော်တို့အတွက်တော့ အဲဒါက စိတ်ပူစရာသတင်းမဟုတ်ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။