ချယ်ဆီးအသင်းဟာ ဘိုင်ယန်လေဗာကူဆင်ကြယ်ပွင့် ကိုင်ဟားဗက်ကို လာမယ့် ၂၄ နာရီအတွင်း အပြီးသတ်ခေါ်ယူဖို့ မျှော်မှန်းထားတယ်လို့ Metro ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ချယ်ဆီးနည်းပြဖရန့်လမ်းပတ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ခြေလှမ်းသွက်သွက်နဲ့ ကစားသမားတစ်ဦးပြီးတစ်ဦး ခေါ်ယူနေတာဖြစ်ပြီး တီမိုဝါနာ၊ ဘန်ချေးဝဲလ်၊ ဟာကင်ဇီယက်၊ သီယေဂိုဆေးလ်ဗားတို့ကို အသင်းလူစာရင်းထဲကို အင်အားဖြည့်တင်းထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

Photo: Opera News

အသင်းမှာ တိုက်စစ်ကစားသမားတွေ ရှိနေပြီးသားဖြစ်ပေမယ့်လည်း လမ်းပတ်က နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဟားဗက်ကို ခေါ်ယူဖို့ကို အဓိကဦးစားပေးအဖြစ် ပြုလုပ်ခဲ့တာဖြစ်ပြီး The Athletic ရဲ့ ဖော်ပြချက်အရ မာရီနာဂရာနော့ဗ်စကီရာက ဆွေးနွေးမှုမှာ အဓိကအောင်မြင်အောင် ဦးဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဘွန်ဒက်စ်လီဂါကလပ်အသင်းက အချိန်ကြာမြင့်စွာ ပြောဆိုဆွေးနွေးမှုတွေပြုလုပ်ခဲ့တဲ့အတောအတွင်း ခက်ခက်ခဲခဲညှိနှိုင်းခဲ့ရပြီး ချယ်ဆီးအသင်းဟာ လက်ရှိအချိန်မှာတော့ ကိုင်ဟားဗက်ကို စုစုပေါင်း ပေါင်သန်း ၉၀ အထိ မြင့်တက်နိုင်တဲ့ ပေါင်သန်း ၇၀ + ထပ်ဆောင်းဆုကြေးငွေနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်သတ္တပတ်ပေါင်းများစွာကတည်းက ချယ်ဆီးနဲ့ ကိုင်ဟားဗက်တို့ဟာ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပေမယ့် အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ဆေးစစ်မှုခံယူနိုင်ခြင်း မရှိသေးတာဖြစ်ပါတယ်။

Photo: Evening Standard

ဟားဗက်ဟာ လက်ရှိအချိန်မှာတော့ ဂျာမနီလက်ရွေးစင်အသင်းလူစာရင်းနဲ့အတူ ရှိနေပြီး ယမန်နေ့ညက စပိန်နဲ့ တစ်ဖက် ၁ ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးနိုင်ခဲ့ခြင်းမရှိဘဲ အပြောင်းအရွှေ့ပြုလုပ်ဖို့ နီးစပ်နေတာကြောင့် ဒဏ်ရာရရှိခြင်းကနေ ကာကွယ်တဲ့အနေနဲ့ ဂျိုအာချင်လိုးက ထည့်သွင်းအသုံးမပြုခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းမှာ ပွဲထွက်ခွင့်နေရာအတွက် ပြိုင်ဆိုင်မှုပြင်းထန်ဖွယ်ရှိနေပေမယ့်လည်း ကိုင်ဟားဗက်ဟာ လမ်းပတ်ရဲ့ အရောင်းကိုယ်စားလှယ်တွေရဲ့ အထင်ကြီးခြင်းကို ခံခဲ့ရပြီး အဆုံးမှာတော့ ချယ်ဆီးအသင်းထက် ဘယ်အသင်းကိုမှ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားခြင်းမရှိခဲ့တာဖြစ်ပါတယ်။