အလှအပရေးရာဆိုတာ အမျိုးသမီးတွေနဲ့ပဲ ဆိုင်တဲ့ ကိစ္စရယ်လို့ တွေးလို့တော့ မရပါဘူး။ အမျိုးသားတွေမှာလည်း သားသားနားနား သပ်သပ်ရပ်ရပ် နေဖို့ လိုပါတယ်။ အမျိုးသမီးတွေလောက်တော့ အရမ်းဂရုမစိုက်ရတာ တစ်ခုပဲ ရှိပါတယ်။
လုပ်ရတာလည်း ရိုးရှင်းပါတယ်။ အခုနည်းလမ်းလေးတွေဆိုရင် ရိုးရှင်းပြီး အခြေခံကျသလို ထိရောက်မှုလည်း ရှိမှာ ဖြစ်ပါတယ်။
(၁) အသားအရေ အစိုဓါတ်ထိန်းပါ

Photo: Freepik
အရေပြားဟာ ခန္ဓာကိုယ်မှာအကြီးဆုံး အင်္ဂါအစိတ်အပိုင်းတစ်ခုပါ။ အသားအရေ အစိုဓါတ်မြင့်အောင် ထားခြင်းဟာ Skin ကျန်းမာရေးပါပဲ။ အသားအရေ စိုလက်စေဖို့ ရေများများသောက်ပေးပါ။ လိုအပ်ရင်တော့ မျက်နှာအတွက် Face Moisturizer တွေ သုံးပေးသင့်ပါတယ်။တကယ်လို့ အသားအရေက ခြောက်နေတယ်လို့ ခံစားရရင် ဘော်ဒီလိုးရှင်းလေး လိမ်းသင့်ပါတယ်။ အရေပြား အစိုဓါတ်ရှိခြင်းဟာ အသားအရေတင်းရင်းပြီး အရေးအကြောင်းတွေ နဲ့ မျက်ကွင်းညိုတာတွေ သက်သာစေပါတယ်။ အစားအသောက်အနေနဲ့ အရည်ဓါတ်မြင့်တဲ့ သခွားသီး ၊ ဖရဲသီး နဲ့ ခရမ်းချဉ်သီးတွေ နေ့စဉ် စားပေးသင့်ပါတယ်။ ဗိုက်တာမင် အေနဲ့ ဗိုက်တာမင်စီ ဓါတ်ပါဝင်တဲ့ ဂေါ်ဖီထုပ် စားပေးမယ်ဆိုရင်လည်း အရေပြား အရေးအကြောင်း ထင်တာ သက်သာပျောက်ကင်းစေသလို သွေးနဲ့ ကိုယ်ခန္ဓာထဲက အဆိပ်အတောက်တွေလည်း ရှင်းထုတ်ပေးနိုင်လို့ လူကို နုပျိုစေနိုင်ပါတယ်။
(၂) မျက်နှာကို ဂရုစိုက်ပါ

Photo: Freepik
လူတစ်ယောက်ရဲ့ မျက်နှာဟာ တစ်ကိုယ်လုံးမှာ အာရုံအစိုက်ခံရဆုံးအပိုင်း ဖြစ်ပါတယ်။ မျက်နှာဟာ သန့်သန့်ရှင်းရှင်း ကြည်ကြည်စင်စင် ရှိဖို့ အလွန်အရေးကြီးပါတယ်။ မျက်နှာ ပုံမှန်သစ်ပါ။ တစ်နေ့ နှစ်ကြိမ် သွားတိုက်ပါ။ မုတ်ဆိတ်ထားတဲ့သူဆိုရင် မုတ်ဆိတ်ကို သေချာဆေးကြောသန့်စင်ပေးဖို့ လိုသလို မုတ်ဆိတ်ရိတ်မယ်ဆိုရင်လည်း Shaving Cream သုံးပြီး ရိတ်ပေးသင့်ပါတယ်။
(၃) ဆံပင်ထိန်းသိမ်းမှု လုပ်ပါ

Photo: Freepik
ဆံပင်ဟာ အလွယ်တကူ ပျက်စီးလွယ်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်း ဖြစ်ပါတယ်။ ဆံပင်ကို ပျက်စီးစေတဲ့ အပြုအမူအများစုကိုကလည်း ကျွန်တော်တို့တွေဟာ မကြာခဏဆိုသလို လုပ်နေမိတတ်ပါတယ်။ ခေါင်းခဏခဏ လျှော်တာမျိုး ရှောင်ပြီး ဆံပင်ခြောက်သွေ့မှုစနစ် မှန်စေဖို့ Conditioner သုံးပါ။
ဆံပင်မှာ အများဆုံး ကြုံတတ်တဲ့ ကျန်းမာရေး ပြဿနာက ဗောက်ထတာ ဖြစ်လို့ ခေါင်းကို မှန်မှန်ကန်ကန်လျှော်ပါ။ ရေများများသောက်ပါ။ ဗောက်မထအောင် ကြိုပြီး Hair Care လုပ်ပေးသင့်ပါတယ်။ Hair Products တွေ သုံးမယ်ဆိုရင် တကယ်အရည်အသွေးကောင်းတဲ့ Brand ပဲ သုံးပေးပါ။ အများကြီးလည်း မသုံးမိပါစေနဲ့။
(၄) လက်သည်းကျန်းမာရေး အလေးထားပါ

Photo: Freepik
လက်သည်းတွေ ပုံမကျပန်းမကျမကျ ဖြစ်တာဟာ အတော်ရုပ်ဆိုးပါတယ်။ သင့်လက်သည်းတွေက သင့်ရဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှု Level ကို ပြနေတာ ဖြစ်ပါတယ်။ လက်သည်းတွေကို သေချာဆေးကြောသန့်ရှင်းထားသင့်သလို ပုံမှန်ညှပ်ပေးဖို့လည်း လိုပါတယ်။ လက်သည်းတွေ သန့်ရှင်းခြောက်သွေ့အောင် ထားပါ။ လက်သည်းသန့်ရှင်းမှု မရှိရင် မှိုကပ်ပြီး ထိခိုက်ပျက်စီးနိုင်လို့ ဖြစ်ပါတယ်။
(၅) အိပ်ရေးဝအောင် အိပ်ပါ

Photo: Freepik
အိပ်စက်ခြင်းဟာ ကျန်းမာရေးကောင်းမွန်ဖို့ အလုပ်တွေ အများကြီး လုပ်ပေးပါတယ်။ အရွယ်ရောက်သူတစ်ယောက်ဟာ တစ်နေ့ကို ၈ နာရီအိပ်စက်ပေးဖို့ လိုပါတယ်။ အိပ်စက်ခြင်းအားဖြင့် ကိုယ်ရောစိတ်ပါ အနားရစေပြီး အသားအရေလည်း ကျန်းမာနုပျိုစေလို့ ဖြစ်ပါတယ်။
