ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ သီယေဂိုဆေးလ်ဗားကို အသင်းကနေ ထွက်ခွာပြီး ယခုနွေရာသီမှာ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ နှစ်ကိုယ်ကြား တောင်းဆိုခဲ့တယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။
ချယ်ဆီးအသင်းဟာ ဘရာဇီးလ်ဝါရင့်နောက်ခံကစားသမား သီယေဂိုဆေးလ်ဗားကို ပြီးခဲ့တဲ့လက ပီအက်စ်ဂျီအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး နည်းပြဖရန့်လမ်းပတ်က ၎င်းရဲ့အားနည်းနေတဲ့ ခံစစ်မှာ အတွေ့အကြုံရင့်ကျက်တဲ့ခံစစ်ကစားသမားတစ်ဦးကို ခေါ်ယူအင်အားဖြည့်တင်းချင်ခဲ့တာဖြစ်ပါတယ်။

Photo: 90Min
အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ သီယေဂိုဆေးလ်ဗားဟာ ပီအက်စ်ဂျီအသင်းနဲ့အတူ ၈ ရာသီ ကုန်ဆုံးခဲ့သူဖြစ်ပေမယ့် ကစားသမားနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးက နောက်ခံကစားသမားဟာ ချယ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့အလားအလာရှိနေတယ်ဆိုတဲ့သတင်းရဲ့ ချက်ချင်း ဆွဲဆောင်မှုကို ခံခဲ့ရတယ်လို့ The Telegraph က ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့လက လစ္စဘွန်းမှာ ပီအက်စ်ဂျီအသင်းရဲ့ ချန်ပီယံလိဂ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေချိန်အတွင်း သီယေဂိုဆေးလ်ဗားဟာ နေမာကို တိုင်ပင်ဆွေးနွေးခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးက ၎င်းရဲ့အသင်းဖော်ကို စတန်းဖို့ဒ်ဘရစ်ဂျ်ဆီ သွားရောက်ဖို့အတွက် စိတ်အားထက်သန်စွာနဲ့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ချယ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ချ်အပါအဝင် အသင်းထိပ်ပိုင်းတာဝန်ရှိသူတွေဟာ ဒုတိယရာသီအဖြစ် သက်တမ်းတိုးခွင့်ပါဝင်တဲ့ တစ်နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့ သီယေဂိုဆေးလ်ဗားကို ခေါ်ယူဖို့အတွက် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့တယ်လို့ နားလည်ရပါတယ်။

Photo: Evening Standard
ဒါပေမယ့်လည်း ပီအက်စ်ဂျီအသင်းဟာ ၎င်းတို့ရဲ့ အသင်းခေါင်းဆောင်ကို ပြင်သစ်မှာ ဆက်နေဖို့အတွက် စည်းရုံးခဲ့သေးပြီး ဘရာဇီးလ်နောက်ခံကစားသမားက ဆုံးဖြတ်ထားပြီးဖြစ်နေတာကြောင့် မတားဆီးနိုင်ခဲ့တာဖြစ်ပါတယ်။
