လောကကြီးကို ကြည်ကြည်လင်လင် ကြည့်တတ်တဲ့သူရဲ့ အမြင်မှာ အားလုံးကို လက်ခံနိုင်တဲ့ စိတ်အခံ ရှိကြပါတယ်။ အားလုံးကို အလိုက်သင့် လက်ခံနိုင်ခြင်းဟာ နေ့စဉ်ဘဝကို ဖြတ်သန်းရာမှာ အကောင်းဆုံးခွန်အားပေးပါတယ်။ ဒါကြောင့်ပဲ အကောင်းမြင်ခြင်းကို ကျွန်တော်တို့စိတ်မှာ မွေးယူရတာ ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာလည်း အကောင်းမြင်သူတွေဆီကနေ ကျွန်တော်တို့ အတုခိုးသင့်တဲ့ အချက်တွေထဲက တစ်ချို့အကြောင်း ဖော်ပြထားပါတယ်။
(၁) အကောင်းမြင်သူတွေနဲ့ ပေါင်းသင်းပါ

Photo: Freepik
ကိုယ်ပေါင်းတဲ့ အပေါင်းအသင်းတွေက ကိုယ့်ရဲ့ အတွေးအမြင်တွေပေါ် လွှမ်းမိုးပါတယ်။ တွေ့ကရာလူနဲ့ ပေါင်းသင်းမယ်ဆိုရင် အကောင်းထက် အဆိုးဘက် ရောက်ဖို့ပဲ များပါတယ်။ ဒီအချက်ကိုလည်း လိုက်နာစေချင်ပါတယ်။
(၂) အနာဂါတ်အတွက် ပိုကောင်းတာတွေ လုပ်နေပါ

Photo: Freepik
ရည်မှန်းချက်ရှိတဲ့သူတွေဟာ ပိုကောင်းတဲ့ဘဝဆီ ဦးတည်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် ရည်မှန်းချက်ထားပါ။ ကောင်းမွန်တဲ့ ရည်မှန်းချက်နောက် လိုက်နေတဲ့သူဟာ ဘဝကို လှလှပပအဓိပ္ပါယ်ဖော်နေတာပဲ ဖြစ်ပါတယ်။
(၃) ပြုပြုပြင်ပြင် နေထိုင်ပါ

Photo: Freepik
အဝတ်အစားဟာ သင့်ရဲ့ ဥပဓိလက္ခဏာနဲ့ စိတ်ခံစားမှုပေါ်ကို မြှင့်တင်ဖို့ အများကြီး အထောက်အကူပြုပါတယ်။ ဖြစ်ကတတ်ဆန်း ဝတ်တဲ့သူရဲ့ ရုပ်ဟာ ကြည့်ရတာ အချိုးမပြေသလို သူ့ Mood ကလည်း ကောင်းမှာ မဟုတ်ပါဘူး။
(၄) ကျေးဇူးတင်တတ်ပါ

Photo: Freepik
သေးသေးလေးပဲ ဖြစ်ပါစေ။ ကျေးဇူးတင်တတ်တဲ့ အကျင့်လေး မွေးပါ။ ကျေးဇူးသိတတ်ခြင်းဟာ ဘဝကို ပိုကျေနပ်ပျော်ရွှင်စေသလို အဲ့ဒီအလေ့အထကြောင့်လည်း အများကြီး ပြောင်းလဲသွားနိုင်ပါတယ်။
(၅) ပြောင်းလဲဖို့ မကြောက်ပါနဲ့

Photo: Freepik
ကိုယ့်ရဲ့ အတွေးတွေကို သိပါစေ။ အတွေးတွေက သင့်ဘဝကို ဆေးခြယ်နေတာပါ။ အတွေးတွေကို အသိအမှတ်ပြုပြီး ကောင်းမွန်တဲ့ဘက်ကို ပြောင်းလဲဖို့ အမြဲအားထုတ်လိုက်ပါ။
(၆) ကူညီတတ်သူ ဖြစ်ပါစေ

Photo: Freepik
တုန့်ပြန် မျှော်လင့်ချက်မထားဘဲ ပေးကမ်းကူညီပါ။ စွန့်လွှတ်ပေးကမ်းခြင်းဟာ ပျော်ရွှင်မှုကို ဖြစ်စေပါတယ်။ ကောင်းတာကို လုပ်တဲ့သူအဖို့ တွေးလိုက်တိုင်း စိတ်ချမ်းသာမှာပါ။
(၇) ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါ

Photo: Freepik
ယုံကြည်မှုထားပါ။ ကိုယ့်ကိုယ်ကိုယ် လေးစားစိတ်နဲ့ နေထိုင်ပါ။ ကိုယ်စွမ်းကိုယ်စကို ယုံကြည်ခြင်းဟာ ဘဝမှာ အရေးပါတဲ့ အရည်အချင်းတစ်ရပ်ဖြစ်သလို လူမှုပြဿနာနဲ့ အခက်အခဲတွေကို ကျော်လွှားဖို့ ခွန်အားတစ်ခုလည်း ဖြစ်ပါတယ်။
