Kwee စာဖတ်ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ ကိုဗစ်ကာကွယ်ဖို့ အိမ်မှာနေရင်းပျင်းနေကြပြီလား။ အခုချိန်မှာ အတက်နိုင်ဆုံး အိမ်ထဲမှာနေတာက အလုံခြုံဆုံးဖြစ်ပြီး ရောဂါပိုးကူးစက်ခံရခြင်းကို ထိန်းချုပ်ကာကွယ်ဖို့ အထိရောက်ဆုံးနည်းလမ်းလည်းဖြစ်ပါတယ်။ အများစုကတော့ အိမ်မှာနေတဲ့အချိန်တွေမှာ အွန်လိုင်းသုံးပြီးအချိန်ကုန်ကြလေ့ရှိပါတယ်။ အချိန်တိုင်းနီးပါးအွန်းလိုင်းသုံးနေတာက ရက်ကြာလာတဲ့အခါ သင့်ရဲ့စိတ်ရောကိုယ်ပါကျန်းမာရေးကို ဆိုးရွှားစွာထိခိုက်စေနိုင်ပါတယ်နော်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အချိန်တိုင်းနီးပါး အွန်လိုင်းသုံးမယ့်အစား အခုပြောပြမယ့်အရာလေးတွေလုပ်ဆောင်ကြည့်ဖို့အကြံပြုချင်ပါတယ်။
(၁) တရားထိုင်ပါ

Source : PsychMed
သင့်ရဲ့ စိတ်ရောကိုယ်ပါအေးချမ်းစေဖို့ဆိုရင် တရားထိုင်တဲ့အလေ့အကျင့်က အထိရောက်ဆုံးဖြစ်ပါတယ်။ အချိန်အားဖြင့်လည်း အများကြီးပေးစရာမလိုပဲ အိမ်မှာလွယ်လွယ်ကူကူလူတိုင်းပြုလုပ်လို့ရပါတယ်။ အခုမှစပြီးတရားထိုင်မယ့် သူတွေအတွက် ၁၅ မိနစ်ခန့်တရားထိုင်မယ်ဆိုရင် လုံလောက်ပါတယ်။ ဒါကြောင့် မနက်ခင်း အိပ်ရာထတဲ့အချိန်မှာ ၁၅ မိနစ်လောက်အချိန်ပေးပြီး တရားထိုင်ကြည့်ပါ။
(၂) အခန်းသန့်ရှင်းရေးလုပ်ပါ

Source : The Maids
အိမ်မှာနေရင်း အပျင်းလည်းပြေ အကျိုးလည်းရှိစေမယ့် နောက်ထပ်လုပ်စရာတစ်ခုက မိမိရဲ့ အိမ်ခန်းကိုသန့်ရှင်းရေးလုပ်တာပါပဲ။ ကိုယ်နေတဲ့အခန်းလေးက သန့်ရှင်းသပ်ရပ်နေရင် သင့်ရဲ့စိတ်ခံစားမှုကလည်း ကြည်လင်ပြီး ခံစားမှုကောင်းနေမှာဖြစ်သလို အိမ်သန့်ရှင်းရေးလုပ်ခြင်းကလည်း သင့်ရဲ့ တနေ့တာ စိတ်ဖိစီးမှုတွေကို အထိရောက်ဆုံးလျော့ကျစေတဲ့ နည်းလမ်းကောင်းဖြစ်တယ်လို့ ကျွမ်းကျင်သူတွေကပြောထားပါတယ်။
(၃) စာအုပ်ဖတ်ပါ

Source : Business Insider
စာအုပ်ဖတ်ရတာကြိုက်သူတွေအတွက်တော့အခုချိန်က အချိန်ကောင်းပါပဲ။ အရင်က ရုံးအလုပ်တွေ ကျောင်းကိစ္စတွေနဲ့ အချိန်မရလို့ မဖတ်ဖြစ်ခဲ့တဲ့စာအုပ်တွေကို အချိန်မှာအတိုးချပြီးဖတ်ကြည့်ပါ။ စာအုပ်ဖတ်တာက အချိန်ကုန်တာမြန်စေသလို ဖုန်းမသုံးဖြစ်ဖို့လည်း အာရုံပြောင်းပေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။
(၄) ဖုန်းခေါ်ပါ

Source : Freepik
အိမ်တွင်းအောင်းနေရတဲ့အချိန်တွေမှာ ချစ်ရတဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်မနေဖို့ကလည်း အရေးကြီးပါတယ်။ ချစ်ခင်ရသူတွေနဲ့ လူချင်းတွေ့ပြီးစကားလက်ဆုံမပြောနိုင်သေးတဲ့အချိန်မှာ ဖုန်းဆက်ပြီးစကားပြောတာက တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်မှု ချစ်ခြင်းမေတ္တာတွေကိုပြသရာရောက်စေပါတယ်။ အွန်လိုင်းပေါ်ကနေ စာတွေပို့ပြီး စကားပြောတာထက် ဖုန်းခေါ်ပြီးစကားပြောတာက ပိုပြီးနွေးထွေးတဲ့ ခံစားမှုကိုရစေမှာပါ။
(၅) ဘာသာစကားအသစ်သင်ယူပါ

Source : Freepik
ယနေ့ခေတ်မှာ ဘာသာစကားတစ်ခုထက်ပိုပြီး တက်မြောက်ထားသူတွေဟာ ဘယ်နယ်ပယ်ပဲရောက်ရောက်အလုပ်အကိုင်အခွင့်အလမ်းတွေပိုရကြပါတယ်။ဒါကြောင့် အားလပ်ချိန်မှာ ဖေ့ဘွတ်ခ် ပွတ်နေမယ့်အစား ဘာသာစကားအသစ်တခုခုကို သင်ယူဖို့အကြံပြုချင်ပါတယ်။ အင်္ဂလိပ်ဘာသာစကားကို အဓိကထားသင့်ယူသင့်ပြီး တခြားသော သင်စိတ်ဝင်စားတဲ့ ဘာသာစကားအသစ်တွေကိုလည်း လေ့လာသင်ယူနိုင်ပါတယ်။
(၆) လေ့ကျင့်ခန်းလုပ်ပါ

Source : Coach Mag UK
ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ခံအားကောင်းနေစေဖို့အတွက် နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့လည်း မဖြစ်မနေလိုအပ်ပါတယ်။ ကိုယ်ခံအားကောင်းပြီး ကျန်းမာကြံ့ခိုင်နေမယ်ဆိုရင် တော်ရုံရောဂါပိုးကူးစက်ဖို့လွယ်ကူမှာမဟုတ်သလို နေ့စဉ်ကြုံ့တွေ့ရမယ့် စိတ်ဖိစီးမှုတွေကိုလည်း အတော်လေးလျော့နည်းသွားမှာဖြစ်ပါတယ်။ အိမ်မှာနေတဲ့အချိန်တွေမှာလည်း ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်ဖို့ တနေ့ကို နာရီဝက်လောက်အချိန်ပေးပြီး ကိုယ်လက်လေ့ကျင့်ခန်းပြုလုပ်ပေးပါ။
