ခေါင်းကိုက်ဝေဒနာဟာ အသက်ကြီးငယ်မရွေးဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ များသောအားဖြင့် အိပ်ရေးပျက်ခြင်း စိတ်ဖိစီးမှုများခြင်း စတဲ့အချက်တွေက ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေဖြစ်ပြီး တချို့သောအစားအသောက်တွေကလည်း ခေါင်းကိုက်ဝေဒနာကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စာဖတ်ပရိသတ်တွေအနေနဲ့ သတိထားရှောင်ကျဉ်နိုင်စေဖို့ ခေါင်းကိုက်ခြင်းဖြစ်စေနိုင်တဲ့ အစားအသောက်တွေကို ပြောပြပေးလိုက်ပါတယ်။
(၁) အရက်နှင့်အဖျော်ယမကာများ

Source : EWN
အရက်နှင့်အဖျော်ယမကာတွေ သောက်သုံးခြင်းက ခေါင်းကိုက်ခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အရက်သောက်တဲ့အခါ အဓိကအားဖြင့် ခန္ဓာကိုယ်ရေဓာတ်ခမ်းခြောက်ခြင်းကိုဖြစ်စေနိုင်ပြီး ခေါင်းကိုက်စေတာဖြစ်ပါတယ်။
(၂) ပြုပြင်ထားတဲ့ အသားများ

Source : www.hamcitron.eu
ဟော့ဒေါ့ ဘေကွန်နှင့် တခြားသောပြုပြင်ထားတဲ့ အသားတွေမှာ တာရှည်ခံအောင် နိုက်ထရိတ်နှင့် နိုက်ထရိုက်ကဲ့သို့ဓာတ်တွေကို အသုံးပြုထားပါတယ်။အဆိုပါဓာတ်တွေက သွေးကြောများကို တင်းကျပ်လာစေပြီး ခေါင်းကိုက်ခြင်းကိုဖြစ်စေတာဖြစ်ပါတယ်။ ဒါ့အပြင် ပြုပြင်ထားတဲ့ အသားအများစုက ဆားပါဝင်မှုများတာကြောင့် ရေဓာတ်ခမ်းခြောက်စေပြီး ခေါင်းကိုက်စေတာပါ။
(၃) ပဲငံပြာရည်

Source : THE GATE
ပဲငံပြာရည်မှာ ဆိုဒီယမ်ဓာတ်အမြောက်အများပါဝင်ပါတယ်။ ဆိုဒီယမ်ဓာတ်ကလည်း ခန္ဓာကိုယ်ရေဓာတ်ခမ်း ခြောက်ခြင်းကိုဖြစ်စေနိုင်ပြီး ခေါင်းကိုက်ဝေဒနာခံစားရစေမှာဖြစ်ပါတယ်။
(၄) ထောပတ်သီး

Source : Spoonful of Sarah
ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာပေးတဲ့ ထောပတ်သီးတွေကလည်း ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင်ထောပတ်သီးမှာ Tyramine လို့ခေါ်တဲ့ ဒြပ်ပေါင်းတမျိုးပါဝင်ပြီး ၎င်းက သွေးကြောများကိုတင်းကျပ်စေတာကြောင့် ခေါင်းကိုက်ခြင်းကိုဖြစ်စေတာပါ။ သင့်အနေနဲ့ ထောပတ်သီးကြိုက်တယ်ဆိုရင်တောင် အလွန်အကျွံမစားမိဖို့ သတိပြုသင့်ပါတယ်။
(၅) ချိစ်

Source : HowStuffWorks
ချိစ်တွေမှာလည်း ထောပတ်သီးနှင့် နည်းတူ Tyramine ဓာတ်များပါဝင်ပါတယ်။ ဒါကြောင့်ချိစ်အများကြီး စားသုံးမယ်ဆိုရင် ခေါင်းကိုက်ဝေဒနာခံစားရစေနိုင်ပါတယ်။
(၆) ပီကေ

Source : Prevention
ပီကေအမြဲဝါးလေ့ရှိခြင်းကလည်း ခေါင်းကိုက်ခြင်းနှင့်ဆက်စပ်နေတဲ့ အကြောင်းအရင်းတစ်ရပ်ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ပီကေဝါးခြင်းဟာ ဦးခေါင်းနဲ့ လည်ပင်းကြွက်သားတွေကို တင်းကျပ်စေတဲ့ဖိအားမျိုး သက်ရောက်စေပြီး ခေါင်းကိုက်ခြင်းကိုဖြစ်စေတာဖြစ်ပါတယ်။
