၂၀၂၀ ဟာ လူအားလုံးအတွက် စိတ်အဖိစီးရဆုံးနှစ်တစ်နှစ် ဖြစ်နိုင်ပါတယ်။ ရောဂါကြောင့် စိုးရိမ်သောကတွေ ၊ ကပ်ဘေးဂယက်ကြောင့် အလုပ်အကိုင်မသေချာမှုတွေအပြင် အပြင်မသွားရဘဲ အိမ်တွင်းမှာ အနေများခြင်းကြောင့် စိတ်ဟာ တရစပ် ဖိစီးမှုတွေ ကြုံနိုင်ပါတယ်။
စိတ်ဖိစီးမှု Stress ဟာ ကျွန်တော်တို့ရဲ့ နိစ္စဒူဝဖြစ်လာတာကြောင့် Stress ကို လျှော့ချနိုင်ဖို့ သင်ယူရမှာပါ။ အခုပြောမယ့် နည်းလမ်းတွေက သိပ္ပံနည်းကျထောက်ခံထားတဲ့ စိတ်ဖိစီးမှု လျှော့ချပေးမယ့် နည်းလမ်းတွေ ဖြစ်လို့ လိုက်နာသင့်ပါတယ်။

(၁) အသက်ပြင်းပြင်းရှုပါ

Photo: Freepik

စိတ်ဖိစီးမှုတွေ ကြုံတိုင်း ကျွန်တော်တို့ဟာ အသက်ရှုဖို့တောင် မေ့လျော့နေတတ်ပါတယ်။ ကိုယ့်မှာ Stress တွေ မြင့်လာတိုင်း မျက်လုံးမှိတ် နှာခေါင်းမှာ စိတ်စိုက်ပြီး ဦးနှောက်ထဲ အောက်ဆီဂျင်တွေ ရောက်အောင် အသက်ပြင်းပြင်း ရှုသွင်းလိုက်ပါ။ အသက်ရှုခြင်းမှာ စိတ်စိုက်ပြီး မိနစ်ပိုင်းလောက် ထားလိုက်တာနဲ့ စိတ်ဟာ သိသိသာသာ သက်သာရာရသွားမှာပါ။

(၂) Workout လုပ်ပါ

Photo: Freepik

Gym နဲ့လည်း စိတ်ဖိစီးမှုကို ကုစားလို့ရပါတယ်။ စိတ်ရှုပ်ထွေးပင်ပန်းလို့ ဘာမှ စဉ်းစားမရတော့ဘူးဆိုရင် Treadmill ပေါ် ပြေးလိုက်ပါ။ ဒါမှမဟုတ် ဝိတ်ပြားတွေ မပြီး ခပ်ပြင်းပြင်း ကစားလိုက်ပါ။ စိတ်ခံစားမှုတွေ ကောင်းမွန်သွားတာ လက်တွေ့ ကြုံရပါလိမ့်မယ်။

(၃) အစားအသောက်ဂရုစိုက်ပါ

Photo: Freepik

အစားအသောက်ဟာ စိတ်အခြေအနေကို လွှမ်းမိုးပါတယ်။ အသီးအရွက်နဲ့ ကောက်ပဲသီးနှံများများစားပါ။ ရေတိုးသောက်ပါ။ မျှတအောင် စားပြီး အဆီအဆိမ့်နဲ့ အသင့်စား စားသောက်ကုန်တွေ ရှောင်ပါ။ ကာဗွန်ဟိုက်ဒရိတ် ၊ ပရိုတိန်းနဲ့ လိုအပ်တဲ့ ဗိုက်တာမင်နဲ့ အာဟာရတွေ မလွန်မကဲဘဲ မျှအောင် စားသင့်ပါတယ်။

(၄) သဘာဝထဲ နေထိုင်ပါ

Photo: Freepik

စိတ်ဖိစီးနေရင် ပန်းခြံနဲ့ တောတန်းတွေ ရှိရာကို လမ်းထွက်လျှောက်ပါ။ သဘာဝပတ်ဝန်းကျင်ရဲ့ အလှအပတွေမှာ စိတ်နှစ်ခံစားပါ။ Stress များနေချိန်မှာ စမတ်ဖုန်းတွေ သုံးတာ ရှောင်ရှားပါ။ သင့်မှာ ခွေးတစ်ကောင်ရှိရင် အဲ့ခွေးလေးနဲ့ အတူ ရှုခင်းသာတဲ့နေရာမျိုးဆီ လမ်းလျှောက်သွားဖို့ အကြံပြုထားပါတယ်။

(၅) တစ်ခြားသူတွေကို ကူညီပါ

Photo: Freepik

ကိုယ်တိုင် စိတ်ပင်ပန်းနွမ်းနယ်နေချိန်မှာ တစ်ခြားသူတွေရဲ့ အခက်အခဲကို ဖြေရှင်းကြည့်ပါ။ လူတွေကို ကူညီတာ ၊ ကိုယ်နေထိုင်ရာ လောကကြီးကို တတ်စွမ်းသမျှ ကောင်းကျိုးပြုခြင်းဟာ ကိုယ်ကိုယ်တိုင်ရော လောကအတွက်ပါ ကောင်းမွန်တဲ့ ကိစ္စဖြစ်သလို ချက်ချင်းဆိုသလို သစ်လွင်လန်းဆတ်တဲ့စိတ်ခံစားချက်နဲ့ လောကထဲ ပြန်ရောက်လာပါလိမ့်မယ်။