တချို့သောအစားအစာတွေက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်ဓာတ် အာဟာရဓာတ်တွေထောက်ပံ့ပေးပါတယ်။ တချို့အစားအစာတွေက ခန္ဓာကိုယ်ရဲ့ ပျော်ရွှင်မှုဟောမုန်းဓာတ်တွေကိုမြင့်တင်ပေးပြီး လန်းဆန်းတက်ကြွစေပါတယ်။ တချို့သောအစားအစာတွေကျတော့ မစားသင့်တဲ့အချိန်မှာစားမိရင် ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေများစွာသက်ရောက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်ပြောပြမယ့် အစားအသောက်တွေကတော့ စိတ်ခံစားမှုမကောင်းတဲ့အချိန်မှာ စားမိရင် စိတ်ဓာတ်ကျခြင်း စိတ်ရှုပ်ထွေးခြင်းတွေကိုပိုပြီးအားကောင်းလာစေတဲ့ ရှောင်ကျဉ်သင့်တဲ့ အစားအစာတွေအကြောင်းဖြစ်ပါတယ်။

(၁) ပေါင်မုန့်မီးကင်

Source : Simply Recipes

ပေါင်မုန့်အဖြူနဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်မီးကင်တွေမှာ သကြားဓာတ်များစွာပါဝင်တာကြောင့် စားပြီးတဲ့အချိန်မှာ သွေးတွင်းသကြားဓာတ်ကိုအလျင်အမြန်ပဲ အပြောင်းအလဲဖြစ်စေပါတယ်။ သွေးတွင်းသကြားဓာတ်မြင့်တက်ခြင်းက စိုးရိမ်ပူပန်ခြင်းနှင့် စိတ်ဓာတ်ကျခြင်းတွေကို ဖြစ်စေတာကြောင့် စိတ်ခံစားမှုမကောင်းတဲ့အချိန်မှာ မစားသင့်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။

(၂) ဆောစ့်အချဉ်ရည်

Source : Kraft Foods

ခရမ်းချဉ်သီးနှင့်ပြုလုပ်ထားတဲ့ ရယ်ဒီမိတ်ဆော့စ်အချဉ်ရည်တွေမှာ သကြားဓာတ် နှင်ကြာခံရှည်အောင်ပြုလုပ်ထားတဲ့ ဓာတုပစ္စည်းတွေများစွာပါပါတယ်။ သကြားဓာတ်များစွာစားသုံးခြင်းက ခန္ဓာကိုယ်ကျန်းမာရေးအတွက်မကောင်းတဲ့အပြင် စိတ်ကျန်းမာရေးကိုလည်း ဆိုးကျိုးတွေသက်ရောက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ခံစားမှုမကောင်းတဲ့အချိန်မှာ ဆောစ့်အချဉ်ရည်နဲ့ တွဲဖက်စားရတဲ့ အစားအစာတွေကိုရှောင်တာကောင်းပါတယ်။

(၃) ကော်ဖီ

Source : Pattaya News

ကော်ဖီဟာ စိတ်ခံစားမှုကိုမြင့်တင်ပေးတယ် လန်းဆန်းတက်ကြွစေတယ်ဆိုပေမယ့် အလွန်အကျွံသောက်မိတဲ့အခါမှာတော့ စိတ်ကနာမငြိမ်ဖြစ်ခြင်း စိုးရိမ်ပူပန်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ်က သင့်ရဲ့အိပ်စက်ခြင်းကိုလည်း အနှောက်ယှက်ဖြစ်စေတာကြောင့် စိတ်ဓာတ်ကျနေတဲ့အချိန်တွေ စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ မသောက်တာအကောင်းဆုံးဖြစ်ပါတယ်။

(၄) ဒိုးနတ်


Source : Marketing Week

ဒိုးနတ်စားရတာကြိုက်နှစ်သက်သူတွေရှိလား။ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့ပြီး ဒိုးနတ်စားတဲ့အချိန်က ပျော်ဖို့ကောင်းတယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် သိထားသင့်တာတစ်ခုက ဒိုးနတ်တွေမှာ အဆီဓာတ်တွေ သန့်စင်ထားတဲ့သကြားဓာတ်တွေများစွာပါဝင်နေတာပါပဲ။ ဒါကြောင့် စိတ်ခံစားမှုမကောင်းတဲ့အချိန်မှာစားမယ်ဆိုရင် စိတ်ဖိစီးမှုတွေပိုဆိုးလာစေနိုင်ပါတယ်။ ဒိုးနတ် နဲ့နည်းတူ ဆီကြော်မုန့်တွေ ခေါက်ဆွဲခြောက်တွေ ပြုပြင်ထားတဲ့အသားတွေကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။

(၅) အားဖြည့်အချိုရည်

Source : LaPresse.ca

အားဖြည့်အချိုရည်တွေက လန်းဆန်းစေတယ်ထင်ရပေမယ့် နှလုံးခုန်နှုန်းကိုမြင့်တက်စေခြင်း စိုးရိမ်ပူပန်မှုများခြင်း အိပ်မပျော်ခြင်း စတဲ့နောက်ဆက်တွဲပြဿနာနှင့်ဆိုးကျိုးများစွာရှိပါတယ်။ အဆိုပါအားဖြည့်အချိုရည်တွေမှာလည်း ကဖိန်းဓာတ် သကြားဓာတ်တွေများစွာပါဝင်တာကြောင့် စိတ်ခံစားမှုမကောင်းတဲ့အချိန် ရှောင်သင့်တဲ့ အစားအသောက်တွေထဲမှာပါပါတယ်။