လူတော်တော်များများက ခန္ဓာကိုယ်ကျန်းမာရေးကိုပဲ ဂရုစိုက်တက်ကြပြီး စိတ်ကျန်းမာရေးရဲ့ အရေးပါပုံကိုတော့ မေ့ထားတက်ကြပါတယ်။ စိတ်ကျန်းမာရေးဟာလည်း လူတွေအတွက် အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ စိတ်ချမ်းသာမှ ကိုယ်ကျန်းမာတာပါ။

စိတ်ချမ်းသာအောင် နေဖို့က ပြောရတာလွယ်သလောက် လက်တွေ့မှာတော့ ကျင့်သုံးရတာ ခက်ခဲပါတယ်။ နေ့စဉ်ဘဝမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေ၊ အလုပ်ခွင်မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ဖိအားတွေ၊ မိသားစု၊ လူမှုရေးရာ အဆင်မပြေမှုတွေကြားမှာ ဘယ်လောက်ပဲ ကြံ့ခိုင်တဲ့ စိတ်ဖြစ်နေပါစေ အနည်းငယ်တော့ ဒဏ်ပိနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့ kwee page ကဘဝကို စိတ်ချမ်းချမ်းသာသာနဲ့ ကျော်ဖြတ်နိူင်ဖို့အတွက် နည်းလမ်းကောင်းတစ်ချို့ကို ပြောပြပေးသွားမှာပါ။

လေ့ကျင့်ခန်းလုပ်ပါ

Source: MyFitnessPal Blog

လေ့ကျင့်ခန်း လုပ်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက်သာမက စိတ်ကျန်းမာရေးအတွက်လည်း များစွာအထောက်အကူဖြစ်စေပါတယ်။ လေ့ကျင့်ခန်းပြုလုပ်နေစဉ်မှာ စိတ်ကိုပျော်ရွှင်စေတဲ့ ဟောမုန်းတွေကို ဦးနှောက်ကနေထုတ်လွှတ်ပေးပါတယ်။ ဒီဟော်မုန်းတွေက စိတ်ကို တည်ငြိမ်အေးချမ်းစေပြီး စိတ်ဖိစီးမှုတွေကို လျှော့ကျစေပါတယ်။

စက်ဘီးစီးတာ၊ ရေကူးတာ၊ လမ်းလျှောက်တာ စတဲ့လေ့ကျင့်ခန်းလေးတွေကို နေ့စဉ်မဟုတ်ရင်တောင် တစ်ပက်ကို (၃) (၄) ရက်လောက် ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

ဝါသနာပါရာ လုပ်ပေးပါ

Source: Stocksy United

စိတ်ဖိစီးမှုတွေ စိတ်ညစ်စရာတွေနဲ့ ကြုံလာခဲ့ရင် ထိုင်ပြီးတော့ စိတ်ဆင်းရဲနေမယ့်အစား စိတ်ထွက်ပေါက်တစ်ခုဖန်တီးပေးတာက ပိုပြီးအကျိုးရှိပါတယ်။ ဒီလိုမျိုး စိတ်ညစ်စရာအတွေးအာရုံတွေကို ပျော်ရွှင်မှုဖြစ်စေတဲ့ ဘက်ကို လှည့်ပြောင်းပေးလိုက်ခြင်းက စိတ်ကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေတယ်လို့ ကျွမ်းကျင်သူတွေက ပြောထားပါတယ်။ အားလပ်ရက်မှာ မိမိဝါသနာပါတဲ့ အရာတွေ ရွေးလုပ်လို့လည်း ရသလို ကိုယ်စိတ်ဝင်စားတဲ့ လုပ်ငန်းခွင်ထဲကို ဝင်ရောက်လုပ်ကိုင်တာဖြစ်စေ ကိုယ့်ရဲ့ စိတ်ပျော်ရွှင်မှုကို ဖန်တီးလုပ်ယူလို့ ရပါတယ်။

ခွင့်လွှတ်ပေးပါ

Source: Ladders

လူရယ်လို့ဖြစ်လာပြီဆိုရင် အမှားနဲ့မကင်းနိုင်ကြပါဘူး။ သင့်အနေနဲ့ အတိတ်ကာလတွင် အမှားတခုခုလုပ်ခဲ့ဖူးတယ်ဆိုရင် အဲ့ဒီအမှားအတွက်နဲ့ တစ်သက်လုံး စိတ်ဆင်းရဲပြီး ရှက်ကြောက်နေစရာမလိုပါဘူး။ အတိတ်က မကောင်းတဲ့အမှားတွေကနေ သင်ခန်းစာယူပါ။ လက်ရှိ ပစ္စုပ္ပန်ကာလမှာ အကောင်းဆုံးဖြစ်အောင် ကျင့်ကြံနေထိုင်ပါ။ တစ်စုံတစ်ယောက်အပေါ်မှာ မကောင်းတဲ့စိတ်တွေ မုန်းတီးစိတ်တွေ ရှိခဲ့မယ်ဆိုရင်လည်း စွန့်လွှတ်ပစ်လိုက်ပါ။ သင့်စိတ်ထဲမှာ ပေါ့ပါးသွားပါလိမ့်မယ်။