လူနှစ်ယောက် တကယ်ရင်းနှီးကျွမ်းဝင်ဖို့အတွက် တစ်ယောက်ကိုတစ်ယောက် ယုံကြည်မှုရှိဖို့ အရေးကြီးပါတယ်။ ဒါပေမယ့်လည်း လူအချင်းချင်း ဆက်ဆံရေးမှာ တစ်ခါမဟုတ် တစ်ခါဆိုသလို ကိုယ့်ယုံကြည်မှုကို အလွဲသုံးစားလုပ်သွားတဲ့သူတွေနဲ့ ကြုံဖူးတတ်ကြပါတယ်။ ကိုယ့်ယုံကြည်မှုကို ဖျက်ဆီးသွားတဲ့သူတွေနဲ့ ပြန်ပြီး ဆက်ဆံရမယ်ဆိုရင် အရင်ဆုံး ယုံကြည်မှုပြန်ရအောင် ကြိုးစားရမှာပါ။ ယုံကြည်မှုပြန်တည်ဆောက်ဖို့အတွက် ဘာတွေလိုမလဲလို့ စဉ်းစားဖူးပါသလား။ ဒီမေးခွန်းတွေကို ဖြေနိုင်မယ့် နည်းလမ်းတစ်ချို့ရှိပါတယ်။
(၁) အကြောင်းရင်းရှာပါ

Photo: Freepik
ကိုယ့်အပေါ် လိမ်ညာသွားခဲ့ရင် အဲ့ဒီလို လိမ်ညာရတဲ့ နောက်ကွယ်က အကြောင်းတရားကို သိဖို့ ကြိုးစားပါ။ ဘယ်အပြုအမူမဆို ရည်ရွယ်ချက်စေတနာ အပျော့အပြင်းပေါ် မူတည်ပြီး နားလည်လက်ခံပေးလို့ ရတာတွေ ရှိပါတယ်။ ဒါကြောင့် ပထမအဆင့် ဘာကြောင့်လိမ်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကို ဖော်ထုတ်လိုက်ပါ။
(၂) ပြောဆို ညှိနှိုင်းပါ

Photo: Freepik
ပြဿနာတစ်ခုကို တေ့တေ့ဆိုင်ဆိုင် ရှင်းမှသာ အဖြေကို သိနိုင်မှာပါ။ ကိုယ့်ချစ်သူက ကိုယ့်ယုံကြည်မှုတွေ ဖျက်ဆီးခဲ့တယ်ဆိုရင် ဘာကြောင့် အဲ့ဒီလို လုပ်ခဲ့တာလဲဆိုတာ ရှင်းပြဖို့ အခွင့်အရေးပေးလိုက်ပါ။ တကယ်ရော အကြောင်းရင်းကို ရိုးသားမှုရှိရှိ ပြောပြနေတာလားတော့ ကိုယ့်ဘာသာ ဆုံးဖြတ်ပါ။
(၃) ခွင့်လွှတ်လိုက်ပါ

Photo: Freepik
ယုံကြည်မှုပြန်တည်ဆောက်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် အတိတ်ကဖြစ်ရပ်တွေကို ခွင့်လွှတ်ပေးတတ်ဖို့ အရေးကြီးပါတယ်။ ခွင့်လွှတ်ခြင်းဟာ တစ်ဖက်လူကို သူ့ဆီ ပေးထားတဲ့ ယုံကြည်မှုနဲ့ ထိုက်တန်မတန် သိရဖို့ နောက်တစ်ကြိမ် မေတ္တာတံခါးတစ်ချပ် ဖွင့်လှပ်ပေးလိုက်တာပဲ ဖြစ်ပါတယ်။
(၄) အတိတ်ကို ခဝါချလိုက်ပါ

Photo: Freepik
ပြီးခဲ့တာတွေကို ပြန်တွေးပြီး အတိတ်မှာပဲ ဆက်နေနေရင် ဘယ်လိုမှ ယုံကြည်မှုတည်ဆောက်လို့ ရမှာ မဟုတ်ပါဘူး။ ဒုတိယမြောက်အခွင့်ပေးလိုက်တဲ့ သဘောအနေနဲ့ ယုံကြည်မှုပြန်ပေးလိုက်ချိန်မှာ သဘောထား မကြီးရင် မဖြစ်ပါဘူး။
(၅) ကိုယ့်ခံစားချက်ကို အသိပေးပါ

Photo: Freepik
သင့်ယုံကြည်မှုကို ချိုးဖောက်သွားသူကို သင့်စိတ်ထဲမှာ ဖြစ်နေတဲ့ သောကနဲ့ ခံစားချက်တွေအကြောင်း ဖွင့်ပြောပါ။ သံသယတွေ ရှိနေရင်လည်း ဆွေးနွေးပြောဆိုပါ။ စိတ်ထဲမှာ မြိုသိပ်ပြီး ရှေ့ဆက်သွားနေရင် ကိုယ့်ကိုယ်ကိုယ် ပွန်းပဲ့အောင် တိုက်စားနေသလိုမျိုး ဖြစ်နေပါလိမ့်မယ်။ စိတ်ကို ရှင်းအောင်ထားပြီး စိတ်ထဲက သံသယနဲ့ ခံစားမှုအားလုံးကို ရင်ဖွင့်ထားလိုက်ပါ။ ပြီးရင်တော့ စိတ်သစ်လူသစ်နဲ့ ယုံကြည်မှုသစ် တည်ဆောက်ပြီး ရှေ့ဆက်သွားရမှာ ဖြစ်ပါတယ်။
