လူတိုင်းလူတိုင်း အသက်ရှည်ကျန်းမာစွာနဲ့ ဘဝကိုဖြတ်သန်းချင်ကြသူချည်းပါပဲ။ အသက်ရှည်ရှည်နေရပါသော်လည်း ကျန်းမာခြင်းမရှိရင် ဘဝကအဓိပ္ပါယ်ပြည့်စုံမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ အသက်ကြီးတဲ့အခါ စိတ်ကျန်းသာ ကိုယ်ကျန်းမာစွာနေထိုင်နိုင်ဖို့ အခုချိန်ကတည်းက ပြုစုပြိုးထောင်သင့်တဲ့ အလေ့အကျင့်ကောင်းတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) စိတ်ဖိစီးမှုလျော့ချပါ

Source : Shutterstock

လူတစ်ယောက်မှာ စိတ်ကျန်းမာခြင်းက အင်မတန်အရေးကြီးပါတယ်။ နာတာရှည်ရောဂါအများစုနှင့် မကျန်းမာခြင်း အခြေအနေတွေဟာ စိတ်ဖိစီးမှုကနေတဆင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့တနေ့တာမှာ အတက်နိုင်ဆုံး စိတ်ဖိစီးမှုကင်းအောင် စိတ်ဖိစီးမှုလျော့နည်းအောင် နေထိုင်သင့်ပါတယ်။

(၂) လှုပ်လှုပ်ရှားရှားနေပါ

Source : Shutterstock

ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ခြင်းတွေအတွက် အခြေခံကျဆုံးအချက်မှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်ခြင်းဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက သင့်ခန္ဓာကိုယ်မှာပျော်ရွှင်မှုဟော်မုန်းဓာတ်တွေမြင့်တင်ပေးပြီး စိတ်ဖိစီးမှုတွေကိုလည်းလျော့ချပေးနိုင်ပါတယ်။ နှလုံးရောဂါနှင့် ဆီးချိုရောဂါကဲ့သို့သော နာတာရှည်ရောဂါများကိုလည်းကာကွယ်ပေးပြီး ခန္ဓာကိုယ်ကျစ်လစ်ကျန်းမာနေစေမှာပါ။ ဒါကြောင့် တရက်ကို အနည်းဆုံး နာရီဝက်ခန့်လေ့ကျင့်ခန်းလုပ်ပေးပါ။

(၃) နည်းပညာပစ္စည်းတွေနဲ့ဝေးဝေးနေပါ

Source : Shutterstock

၂၀၁၀ ခုနှစ်ကလေ့လာမှုတစ်ခုအရ တစ်နေ့ကိုလေးနာရီခန့် တီဗီကြည့်သူတွေဟာ အဝလွန်ခြင်း စိတ်ဖိစီးမှုများခြင်း ခါးနာခြင်း ကြွက်သားများနာကျင်ကိုက်ခဲခြင်းနှင့် နှလုံးရောဂါစတဲ့ ကျန်းမာရေးချို့တဲ့ခြင်းလက္ခဏာများ ပိုပြီးဖြစ်နိုင်ခြေများတယ်လို့ ဖော်ပြထားပါတယ်။ ထိုနည်းတူ စမတ်ဖုန်း တက်ဘလက် ကွန်ပြူတာ ကဲ့သို့နည်းပညာပစ္စည်းတွေဟာ အသုံးများခြင်းကလည်း ခန္ဓာကိုယ်စိတ်ရောကိုယ်ပါကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။

(၄) အသင့်စား အစားအစာတွေကိုရှောင်ကျဉ်ပါ

Source : Shutterstock

Fast Food တွေ အသင့်စားခေါက်ဆွဲခြောက်တွေ ပြုပြင်ထားတဲ့အသားတွေ စတဲ့အစားအစာတွေဟာ စားလို့ကောင်းတယ် လူကြိုက်များတယ်ဆိုပေမယ့် ဆားပါဝင်မှုများခြင်း ကြာရှည်ခံဖို့ ဓာတုပစ္စည်းများသုံးထားခြင်း စတဲ့ကျန်းမာရေးနဲ့မညီမညွတ်တဲ့ အရာတွေအများကြီးရှိပါတယ်။ ဒါကြောင့် ဒီလိုအစားအစာတွေကို မကြာခဏ စားသုံးဖို့ လုံးဝမသင့်တော်ပါဘူး။

(၅) ပြည့်ပြည့်ဝဝအိပ်ပါ

Source : Shutterstock

ကိုယ့်ခံအားစနစ်ကိုကောင်းမွန်စေဖို့ ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်တိုးတက်ဖို့ နှလုံးရောဂါဖြစ်နိုင်ချေလျော့ချဖို့ စိတ်ဖိစီးမှုနည်းစေဖို့ စွမ်းအင်ပြည့်ဝစေဖို့ စတဲ့ ကျန်းမာရေးဆိုင်ရာကောင်းကျိုးတွေများစွာပေးစွမ်းတဲ့ သဘာဝနည်းက အိပ်ချိန်ပြည့်ဝစွာ အိပ်စက်အနားယူခြင်းဖြစ်ပါတယ်။ လူတစ်ယောက်အတွက် တနေ့တာမှာ အိပ်စက်ချိန် ၇ နာရီကနေ ၉ နာရီကြား ပြည့်ပြည့်ဝဝအိပ်စက်အနားယူပေးဖို့ လိုအပ်ပါတယ်။