နည်းပညာတွေတိုးတက်ပြောင်းလဲလာတာနဲ့အမျှ လူတိုင်းလိုလို စမတ်ဖုန်းတွေ ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေအပေါ်မှာပဲ ပျော်ရွှင်မှုကိုရှာဖွေပြီး ဖြတ်သန်းနေကြပါတယ်။ အခုလို Stay Home ကာလမှာပိုပြီး သိသာထင်းရှားပါတယ်။ အားလပ်ချိန်တွေမှာ လူတိုင်းဆိုရှယ်မီဒီယာတွေ ဂိမ်းတွေဆော့ရင်းပဲ ဖြတ်သန်းကြတာများပါတယ်။ တကယ်တော့အချိန်တိုင်း နည်းပညာပစ္စည်းတွေနဲ့ ထိတွေ့နေခြင်းက ကျန်းမာရေးကိုဆိုးကျိုးများစွာ သက်ရောက်မှုရှိစေပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ အခုခေတ်လို စမတ်ဖုန်းတွေ အင်တာနက်တွေ မရှိသေးတဲ့ ၁၉၉၀ ဝန်းကျင်လောက်က လူငယ်တွေပြုလုပ်ခဲ့တဲ့ ပျော်ရွှင်စရာကောင်းတဲ့အရာတွေကို ပြန်လည်မျှဝေပေးချင်ပါတယ်။ အခုပြောပြမယ့် အချက်လေးတွေဖတ်ပြီးရင် သင့်ရဲ့ဖုန်းတွေကို ပိတ်လိုက်ပါ။ တစ်ရက်တာလောက် စမတ်ဖုန်းတွေနဲ့ ဝေးဝေးနေပြီး 90 ‘s Kid တွေပြုလုပ်ခဲ့တဲ့ ပျော်စရာကောင်းတဲ့အရာလေးတွေကို လုပ်ဆောင်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

(၁) စာအုပ်ဖတ်ပါ

Source : Built In NYC

90 ‘s Kid တွေအတွက် အကောင်းဆုံးအဖော်က စာအုပ်တွေလို့ပြောရင် မမှားနိုင်ပါဘူး။ အခုခေတ်လို ဖုန်းတွေ အင်တာနက်တွေမပေါ်သေးတဲ့အချိန်မှာ လူငယ်အများစုက စာအုပ်တွေကိုပဲ အဖော်ပြုပြီး အားလပ်ချိန်တွေကို ဖြတ်သန်းရတာပါ။ ဒါကြောင့် လွမ်းမောဖွယ်အတိတ်နေ့စွဲတွေဆီကို အလည်သွားမယ်ဆိုရင် ဖုန်းတွေသုံးမယ့်အစား အချစ်ဝတ္ထုလေးတွေ သိုင်းဝတ္ထုတွေ လျို့ဝှက်ဆန်းကြယ်စာအုပ်လေးတွေ ရုပ်ပြကာတွန်းစာအုပ်တွေစတဲ့ စာအုပ်ကောင်းလေးတွေဖတ်ရင်း အားလပ်ချိန်ကို ဖြတ်သန်းကြည့်ပါ။

(၂) ဂိမ်းတွေဆော့ပါ

Source : sincable

လက်ရှိ လူငယ်တွေဆော့နေကြတဲ့ Mobile legends တို့ PUBG တို့လို့ ဂိမ်းတွေမဟုတ်ပဲ ပျော်စရာကောင်းတဲ့ ဂိမ်းကစားနည်းတွေအများကြီး 90 ‘s Kid တွေမှာရှိခဲ့ပါတယ်။ အများဆုံးဆော့ဖြစ်ကြတဲ့ ဂိမ်းလေးတွေဆိုရင် မိုနိုပိုလီ ၊ မြွေလှေကား ၊ ဒိုးဆက် ၊ Uno ၊ Scrabble စသည်ဖြင့် ဒီလိုပျော်စရာကောင်းတဲ့ အမိုက်စားဂိမ်းလေးတွေ အများကြီးရှိပါတယ်။ အိမ်မှာမိသားစုတွေ မောင်နှမတွေနဲ့ဖြစ်စေ သူငယ်ချင်းတွေနဲ့ဖြစ်စေ ပျော်စရာကောင်းတဲ့ ဂိမ်းလေးတွေပြန်ဆော့ကြည့်ပါ။

(၃) ရေဒီယိုသီချင်းလေးတွေနားထောင်ပါ

Source : NBC New

ခေတ်တွေဘယ်လောက်ပဲ တိုးတက်ပြောင်းလဲသွားပါစေ တစ်ခေတ်တစ်ခါကရေပန်းစားခဲ့တဲ့ ရေဒီယိုတေးသီချင်းလေးတွေက ယနေ့ထိ နားထောင်လို့ကောင်းနေဆဲဖြစ်ပါတယ်။ ရေဒီယိုသီချင်းဟောင်း သီချင်းကောင်းလေးတွေ နားထောင်လိုက်တဲ့အခါ အတိတ်ကကြည်နူးဖွယ်အမှတ်တရလေးတွေ လွမ်းမောဖွယ်အငွေ့အသက်လေးတွေကို ပြန်လည်မြင်ယောင်ခံစားရင်း ရင်ထဲနွေးသွားတဲ့ ခံစားမှုမျိုးရစေတာအမှန်ပါ။ ဒါကြောင့် တစ်ခေတ်တစ်ခါက ရေပန်းစားခဲ့တဲ့ ရေဒီယိုသီချင်းလေးတွေကို ပြန်လည်စီးမျောခံစားရင်း လွမ်းမောဖွယ်အတိတ်နေ့စွဲတွေဆီကို အလည်သွားလိုက်ရအောင်။

(၄) မိသားစုနဲ့ဝိုင်းဖွဲ့စကားပြောပါ

Source : Verywell Family

ဒီဘက်ခေတ်လူငယ်အများစုမှာ အချိန်ကုန်စရာအရာတွေများစွာရှိနေတဲ့ အတွက် မိသားစုနဲ့တစ်အိမ်တည်းနေသော်လည်း စကားလက်ဆုံပြောဖြစ်ကြတယ်ဆိုတာ အတော်လေးရှားသွားပါတယ်။ ဒါကြောင့် မိသားစုနဲ့ နွေးထွေးတဲ့ ဆက်ဆံရေးမျိုးရစေမယ့်အပြင် အရင်ခေတ်ကလို ပျော်စရာကောင်းတဲ့ ခံစားမှုမျိုးရချင်တယ်ဆိုရင်တော့ ဖုန်းတွေပိတ်ပြီး လက်ဖက်သုပ်လေးတစ်ပွဲ ရေနွေးကြမ်းလေးတစ်အိုးနဲ့ အတူ မိသားစုတွေဝိုင်းဖွဲ့ပြီး ကစားပြောပါ။ထွေရာလေးပါး ငယ်ဘဝအမှတ်တရတွေ ပြောကြည့်ပါ။ တကယ်ပဲ စိတ်လက်ပေါ့ပါးပြီး ပျော်စရာကောင်းပါတယ်။

အခုပြောပြခဲ့တဲ့ အရာလေးတွေအပြင် စာဖတ်ပရိသတ်တွေ မှတ်မိနေတဲ့ အတိတ်နေ့စွဲတွေဆီမှ ပျော်စရာကောင်းတဲ့ အရာလေးတွေရှိရင်လည်း ကော်မန့်မှာ မျှဝေပေးခဲ့ပါအုန်းနော်။ အားလုံးပဲ သာယာပျော်ရွှင်တဲ့နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေ။