တကယ်လို့သင်က တိရိစ္ဆာန်လေးတွေချစ်တဲ့သူတဦးဆိုရင် သင့်အိမ်မှာကြောင်(သို့) ခွေးလေးတကောင်တော့ အနည်းဆုံးရှိနိုင်ပါတယ်။ လေ့လာမှုတွေအရ လူနဲ့အိမ်မွေးတိရိစ္ဆာန်တွေကြားက သံယောဇဉ်နှောင်ကြိုးက ကျန်းမာစေပြီး စိတ်ဖိစီးမှုကိုလျော့နည်းစေတာတွေ့ရပါတယ်။ အိမ်မွေးတိရိစ္ဆာန်လေးတွေမွေးခြင်းရဲ့ ကောင်းကျိုးတခု ကတော့ သင့်ရဲ့စိတ်ကျန်းမာရေးကို ကောင်းမွန်စေတာပါ။ နောက်ထပ် အိမ်မွေးတိရိစ္ဆာန်လေးတွေမွေးခြင်းရဲ့ အကျိုး ကျေးဇူးတွေကို ပြောပြပေးပါဦးမယ်။

(၁) အိမ်မွေးတိရိစ္ဆာန်လေးတွေက အထီးကျန်မှုကိုလျော့စေတယ်

Source : Pinterest

အထီးကျန်ခြင်းက နှလုံးရောဂါနဲ့ အယ်လ်ဇိုင်းမားရောဂါတွေအပြင် အခြားဆိုးကျိုးတွေနဲ့ပါဆက်စပ်နေပါတယ်။ သို့သော် အိမ်မွေးတိရိစ္ဆာန်မွေးထားတဲ့သက်ကြီးရွယ်အိုတွေဟာ မမွေးတဲ့တခြားလူကြီးတွေထက် အထီးကျန်မှု လျော့နည်းသွားတယ်လို့ဆိုပါတယ်။ အထူးသဖြင့် တယောက်ထဲနေထိုင်ရတဲ့သူတွေအတွက် ခွေး (သို့) ကြောင်လေးတကောင်ရှိတာက အဖော်ရစေပါတယ်။

(၂) အိမ်မွေးတိရိစ္ဆာန်လေးတွေက စိတ်ဖိစီးမှုမဖြစ်အောင်ကာကွယ်ပေးတယ်

Source : Medibank

ဆွီဒင်နိုင်ငံမှ အသေးစားလေ့လာမှုတခုအရ စေတနာဝန်ထမ်းအမျိုးသမီးတဦးကို အိမ်မွေးခွေးတကောင်မွေးစားခွင့် ပေးလိုက်တဲ့အခါ ၁၅ မိနစ်နဲ့ ၃၀ မိနစ်အတွင်းမှာပဲ သူမရဲ့စိတ်ဖိစီးမှုဟော်မုန်းလျော့ကျသွားတာတွေ့ရပါတယ်။ အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့ဆော့ကစားတဲ့အခါ လူ့ခန္ဓာကိုယ်တွင်းကပျော်ရွှင်စေတဲ့ အောက်ဆီတိုဆင်ဟော်မုန်း တိုးပွားလာတဲ့အတွက် စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။

(၃) အိမ်မွေးတိရိစ္ဆာန်လေးတွေက သင့်ရဲ့နှလုံးကိုကာကွယ်ပေးတယ်

Source : OneGreenPlanet

အိမ်မွေးကြောင်လေးတကောင်ပိုင်ဆိုင်တာက နှလုံးရောဂါဖြင့်သေဆုံးနိုင်ခြေကိုလျော့နည်းစေနိုင်ကြောင်း သုတေသီတွေရဲ့တွေ့ရှိချက်အရ အိမ်မွေးတိရိစ္ဆာန်တကောင်မှ မမွေးဖူးသူတွေဟာ မွေးဖူးသူတွေထက် နှလုံးရောဂါဖြစ်နိုင် ခြေပိုများပါတယ်။ အကြောင်းကတော့ ဒီချစ်စရာသတ္တဝါလေးတွေဟာ သင့်ကိုစိတ်ဖိစီးမှုသက်သာစေနိုင်စွမ်းရှိလို့ ပဲဖြစ်ပါတယ်။

(၄) အိမ်မွေးတိရိစ္ဆာန်လေးတွေက သင့်ကိုကိုယ်လက်လှုပ်လျားလုပ်ဖို့တဖက်တလမ်းက ကူညီပေးတယ်

Source : Best Life

ဥပမာ သင့်မှာ ခွေးလေးတကောင်ရှိတယ်ဆိုပါစို့ သူ့ကိုသင်လမ်းလျှောက်ထွက်ပေးဖို့လိုမှာသေချာပါတယ်။ သို့သော် ဒီလမ်းလျှောက်တာက သင့်ရဲ့ကျန်းမာရေးအတွက်ပါအထောက်အကူပြုစေမှာပါ။ ဒါ့ကြောင့် အိမ်မွေး ခွေးလေးတကောင်ပိုင်ဆိုင်ထားတာက သင့်ကိုကိုယ်လက်လှုပ်လျားလုပ်ဖို့ပါ တဖက်တလမ်းက ကူညီပေးပါလိမ့်မယ်။