ဘာစီလိုနာတောင်ပံကြယ်ပွင့် ဒမ်ဘီလီဟာ ယူနိုက်တက်ကြယ်ပွင့် ပေါလ်ပေါ့ဂ်ဘာနဲ့ စကားပြောဆိုခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ အလားအလာနဲ့ပတ်သက်ပြီး စိတ်အားထက်သန်နေတယ်လို့ ပြင်သစ်က သတင်းတွေက ဖော်ပြခဲ့ပါတယ်။

Photo: footballcoin
မန်ချက်စတာယူနိုက်တက်ဟာ အသက် ၂၃ နှစ်အရွယ် ဘာစီလိုနာတောင်ပံကစားသမားကို ဒေါ့မွန်အသင်းက ရောင်းချလိုခြင်းမရှိတဲ့ ဂျေဒန်ဆန်ချိုအပြင် အခြားရွေးချယ်စရာအဖြစ် ပစ်မှတ်ထားခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒမ်ဘီလီဟာ မန်ချက်စတာယူနိုက်တက်နဲ့ လီဗာပူးတို့ ၂ သင်းစလုံးရဲ့ စိတ်ဝင်စားမှုကို ခံနေရပေမယ့်လည်း အစက နူးကမ့်မှာ နောက်ထပ်တစ်ရာသီ ဆက်နေချင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ဒမ်ဘီလီဟာ ပေါ့ဂ်ဘာနဲ့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့နိုင်ခြေနဲ့ပတ်သက်ပြီး စကားပြောဆိုခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်မှာတော့ စိတ်ပြောင်းသွားခဲ့ပြီလို့ L’Equipe က ဖော်ပြခဲ့ပါတယ်။ ဒမ်ဘီလီဟာ မန်ချက်စတာယူနိုက်တက်အသင်းအကြောင်း ပေါ့ဂ်ဘာကို မေးမြန်းခဲ့သလို မန်ချက်စတာမှာ နေရတဲ့ဘဝအကြောင်းကိုလည်း မေးမြန်းခဲ့ပြီး လက်ရှိအချိန်မှာတော့ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ စိတ်ကူးနေပြီလို့ သိရပါတယ်။

Photo : Daily Star
စပိန်က သတင်းတွေကလည်း ဒမ်ဘီလီနဲ့ ပေါ့ဂ်ဘာတို့ရဲ့ စကားစမြည်ပြောဆိုမှုအတွင်း ပေါ့ဂ်ဘာက ဒမ်ဘီလီအနေနဲ့ လာမယ့်နွေရာသီမှာ ယူရိုပြိုင်ပွဲအတွက် ပြင်သစ်လူစာရင်းထဲမှာ တစ်နေရာရရှိနိုင်မယ့်အခွင့်အရေး ပိုမိုမြင့်တက်လာစေနိုင်တဲ့ ပွဲကစားချိန် ယူနိုက်တက်မှာ ပိုမိုရရှိလိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒမ်ဘီလီနဲ့ ပေါ့ဂ်ဘာတို့ဟာ ၂၀၁၈ ကမ္ဘာ့ဖလားကတုန်းက ချန်ပီယံဖြစ်ခဲ့တဲ့ ပြင်သစ်လက်ရွေးစင်အသင်းလူစာရင်းမှာ အတူတူပါဝင်ကစားပေးခဲ့ကြသူတွေဖြစ်ပါတယ်။
