မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးက တော့တင်ဟမ်ဟော့စပါးနည်းပြက ၎င်းရဲ့အသင်းဟောင်းကို အရှက်ရဖွယ် အနိုင်ယူသွားခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်နဲ့ပတ်သက်ပြီး မော်ရင်ဟိုပြောခဲ့တာတွေက မှန်ကန်ခဲ့တယ်လို့ နောက်ဆုံးမှာတော့ ဝန်ခံသွားခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ တနင်္ဂနွေနေ့က အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်ကို ၆-၁ နဲ့ အပြတ်အသတ်အနိုင်ယူခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ရဲ့ပရီးမီးယားလိဂ်ခေတ်သစ်မှာ ဒုတိယအကြိမ်မြောက် အကြီးမားဆုံးရှုံးပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ မန်ချက်စတာယူနိုက်တက်မှာ ပထမဆုံးရာသီအတွင်း ကရာဘောင်ဖလားနဲ့ ယူရိုပါလိဂ်ဖလားတို့ကို ကိုင်မြှောက်နိုင်ခဲ့သူဖြစ်ပြီး အသင်းကို ဒုတိယရာသီမှာ မန်ချက်စတာစီးတီးရဲ့နောက် ဒုတိယနေရာမှာ ရာသီပြီးဆုံးနိုင်အောင် ကူညီပေးနိုင်ခဲ့တာဖြစ်ပါတယ်။

Photo: DailyStar

ပေါ်တူဂီလူမျိုးနည်းပြက အသင်းအနေနဲ့ မန်ချက်စတာစီးတီးကို လိုက်မီဖို့ သိသာထင်ရှားတဲ့ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပြီး ယူနိုက်တက်က မော်ရင်ဟို လိုအပ်တဲ့အရာကို မထောက်ပံ့ပေးနိုင်ခဲ့ဘဲ နောက်ဆုံးမှာတော့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာမှာ မော်ရင်ဟိုကို အသင်းကနေ ထွက်ခွာစေမယ့် ဇာတ်လမ်းကို အစပြုခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကနေ ထုတ်ပယ်ခံခဲ့ရပြီး တစ်လအကြာမှာပဲ မော်ရင်ဟိုက ယူနိုက်တက်လူစာရင်းနဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားမှာ ဒုတိယနေရာရပ်တည်နိုင်ခဲ့တာက ၎င်းရဲ့အကြီးမားဆုံးအောင်မြင်မှုတွေထဲကတစ်ခုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ခင်ဗျားကို ကျွန်တော် ဥပမာပြောမယ်ဗျာ။ ကျွန်တော့်ရဲ့ နည်းပြဘဝမှာ အကောင်းဆုံးအလုပ်တွေထဲက တစ်ခုက မန်ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်မှာ ဒုတိယနေရာမှာ ပြီးဆုံးအောင်လုပ်နိုင်ခဲ့တာလို့ ကျွန်တော် ယူဆတယ်ဆိုရင် ခင်ဗျားက ဒီလူတော့ ရူးနေပြီလို့ ပြောမှာပဲ

“သူက ဆုဖလား ၂၅ လုံးတောင် ကိုင်မြှောက်နိုင်ခဲ့ပြီး သူ့ရဲ့အကောင်းဆုံးအောင်မြင်မှုတွေထဲကတစ်ခုက ဒုတိယနေရာရတာပဲလို့ ပြောနေတယ်လားဆိုပြီးပေါ့”

“ကျွန်တော် ဒါကို ဆက်ပြောနေရမှာပဲ။ ဘာလို့လဲဆိုတော့ လူတွေက နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်နေလဲဆိုတာ ဘယ်သူမှမသိကြဘူး။ တစ်ခါတရံမှာ ကျွန်တော်တို့ ဒီကင်မရာရဲ့တစ်ဖက်မှာ အရာအားလုံးကို မတူညီတဲ့ရှုထောင့်တွေနဲ့ အရာတွေကို လေ့လာဆန်းစစ်ရတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဂယ်ရီနဗီးက မော်ရင်ဟို ထွက်ခွာသွားပြီးနောက် ချယ်ဆီးနည်းပြဟောင်းဟာ အသင်းက ၎င်းရဲ့စံချိန်တွေကို ခုတုံးလုပ်ပြီး ကိုယ့်ကိုကိုယ် ကာကွယ်နေတာလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာ အဆင့် ၃ နေရာမှာ ရာသီပြီးဆုံးခဲ့ပြီးနောက် အသင်းက နည်းပြဆိုးလ်ရှားလိုချင်တဲ့ကစားသမားကို ခေါ်ယူပေးနိုင်ခြင်းမရှိခဲ့တဲ့နောက် ရာသီအစမှာကတည်းက ဒုက္ခရောက်နေတာကို မြင်တွေ့ခဲ့ရပြီးနောက်ပိုင်း နဗီးက အသင်းနဲ့ပတ်သက်ပြီး မော်ရင်ဟိုပြောတာ မှန်ခဲ့တယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

Photo: Daily Mirror

“ကျွန်တော့်အတွက်တော့ တစ်ပတ်ပြီးတစ်ပတ် ပြန်ပြန်လည်လုနီးပါးဖြစ်နေတဲ့ သံသရာကို ကျွန်တော်တို့ မြင်တွေ့ခဲ့ရတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အဲဒါကို ဖလားဗိုလ်လုပွဲမှာ အနိုင်ရရှိခဲ့တဲ့ လူးဝစ္စဗန်ဟားလ်လက်

ထက်မှာလည်း မြင်တွေ့ခဲ့ရတယ်။ ပြီးတော့ သူတို့တွေ သူ လူစာရင်းတစ်ဝက်လောက် တည်ဆောက်ပြီးနေတဲ့အချိန်မှာ သူ့ကို ဆွဲထုတ်ခဲ့ကြတယ်။ လက်ခံနိုင်လောက်စရာအသင်းပါ။ အရမ်းကောင်းတဲ့အသင်းတော့မဟုတ်ပါဘူး။ ဒါပေမယ့် လက်ခံလို့ရတယ်။ သူက ယုံကြည်မှုအချို့တည်ဆောက်နိုင်ခဲ့တဲ့ အသင်းပုံစံမျိုးရဖို့လုပ်နေတာ လမ်းတစ်ဝက်လောက်အထိ ရောက်ခဲ့ပါတယ်”

“မော်ရင်ဟိုနဲ့လည်း သူတို့တွေ လမ်းတစ်ဝက်ပဲ သွားခဲ့တယ်။ သူတို့တွေ သူ့ကို လွန်ခဲ့တဲ့ ရာသီတော်တော်များများက အပြောင်းအရွှေ့ဈေးကွက်မှာ ထောက်ပံ့ပေးခဲ့ပြီး စာချုပ်ပေးခဲ့တယ်။ သူ လိုချင်တဲ့နေရာကို သွားဖို့၊ လုပ်ဖို့အတွက် နောက်ထပ်ထောက်ပံ့မှုတွေ လိုချင်ခဲ့တယ်”

Photo: internewscast

“ပြီးခဲ့တဲ့ရာသီက ဒီလူစာရင်းနဲ့ အဆင့် ၃ နေရာမှာ ပြီးဆုံးခဲ့တာက ဆိုးလ်ရှား အများဆုံးအောင်မြင်မှုရခဲ့တာလို့ ကျွန်တော်ထင်တယ်။ သူ လီဗာပူးနဲ့ မန်ချက်စတာစီးတီးတို့အဆင့်ကို ရောက်နိုင်ဖို့အတွက် မဖြစ်နိုင်ပါဘူး။ အဲဒီတော့ သူ ဒီလူစာရင်းနဲ့ အမြင့်မားဆုံးအောင်မြင်မှုကို ရရှိခဲ့တာလို့ ကျွန်တော် ထင်တယ်”

“လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ဟိုဆေးက ဒီလူစာရင်းနဲ့ ဒုတိယနေရာရတာ မယုံကြည်နိုင်စရာအောင်မြင်မှုလို့ ပြောခဲ့တဲ့အချိန်တုန်းက သူ လျှောက်ပြောနေတာလို့ထင်ခဲ့တယ်။ ဒါပေမယ့် သူ ပြောခဲ့တာက မှန်ကန်နေတယ်ဆိုတာကို အခု ရောင်ပြန်ဟပ်နေတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။