ကျွန်တော်တို့အားလုံးဟာ လူချမ်းသာဘဝကို စိတ်ကူးယဉ်အိပ်မက် မက်ခဲ့ဖူးကြမှာပါ။ တကယ် ချမ်းသာတဲ့သူတွေကတော့ ကျွန်တော်တို့ စိတ်ကူးနေချိန်မှာ သူတို့ရဲ့ ချမ်းသာမှုဓနဥစ္စာစက်ကွင်းကို ချဲ့ထွင်နေကြပါတယ်။ ချမ်းသာတဲ့သူတွေရဲ့ နည်းလမ်းတွေကို လိုက်နာရင် ကျွန်တော်တို့ အိပ်မက်မက်ထားတဲ့ လူချမ်းသာဘဝကို တကယ်ဖြစ်အောင်ပုံဖော်ရာမှာ ပိုပြီး နီးစပ်မှု ရှိလာနိုင်ပါတယ်။

(၁) စီးပွားရေးအခွင့်အလမ်းတွေ အမြဲရှာတယ်

Photo: Freepik

ချမ်းသာပြီးသား သူတွေဟာ နောက်တစ်ဆင့်သွားမယ့် စီးပွားရေးအခွင့်အလမ်းတွေကို အာရုံစိုက်ပါတယ်။ ငွေကြေးဆိုင်ရာ တိုးပွားပြီးရင်း တိုးပွားအောင် လုပ်နေသူတွေဟာ ရှေ့ဆက်ပြီး ပိုကြီးကျယ်အားကောင်းတဲ့ ပရောဂျက်တွေ လုပ်ဖို့ ရှိတယ်လို့ ယုံကြည်ပါတယ်။ ပိုပြီးလည်း ငွေကြေးတွေ ရှာ‌ဖွေနိုင်မယ်လို့ လက်ခံပါတယ်။

(၂) တစ်ခြားအောင်မြင်ကြွယ်ဝသူတွေနဲ့ ပေါင်းတယ်

Photo: Freepik

ရတနာရှိရာ ရတနာစု ဆိုတဲ့ စကားရှိပါတယ်။ ကိုယ်ပေါင်းသင်းတဲ့ အသိမိတ်ဆွေ ၊ အသိုင်းအဝိုင်းက ကိုယ့်ကို ပြုပြင်ပါတယ်။ ချမ်းသာတဲ့သူတွေဟာ ပိုက်ဆံရှိတဲ့သူတွေနဲ့ တင်ပေါင်းသင်းတာတော့ မဟုတ်ပါဘူး။ သူတို့ အပေါင်းအသင်းထဲမှာ စိတ်အားထက်သန်နိုးကြားသူ ၊ အရည်အချင်းပြည့်ဝပြီး စိတ်ကူးဉာဏ်မြင့်မားသူတွေနဲ့ တိုးတက်နေသူတွေလည်း ပါဝင်ပါတယ်။

(၃) ဝင်ငွေလမ်းကြောင်းတွေ အများကြီး ဖန်တီးတယ်

Photo: Freepik

ငွေများများရချင်တယ်ဆိုရင် အလွယ်ဆုံးနည်းက ပိုက်ဆံများများ ရှာဖို့ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ နေရာပေါင်းစုံက ငွေဝင်အောင် လုပ်ရတာ ဖြစ်ပါတယ်။ ဝန်ထမ်းလုပ်နေရင်း အပြင်မှာ ရင်းနှီးမြှပ်နှံတာ ၊ အပိုချိန်တွေမှာ အပြင်အလုပ်တွေ လက်ခံလုပ်တာလိုမျိုးကလည်း ဝင်ငွေလမ်းကြောင်းတွေ များများ ဖန်တီးထားတာပါပဲ။

(၄) အလွန်အကျွံ မသုံးစွဲဘူး

Photo: Freepik

ပိုက်ဆံရှိတိုင်း ဖြုန်းတီးပစ်တဲ့ အထဲမှာ ကိုယ်ထူကိုယ်ထ ချမ်းသာလာသူတွေ မပါပါဘူး။ တကယ် မချမ်းသာတဲ့သူတွေရဲ့ စိတ်ကူးယဉ်အိပ်မက်ထဲမှာ ပိုက်ဆံတွေအများကြီးရလာရင် အမိုက်စားကားတွေ ဝယ်စီးမယ် ၊ အိမ်ကြီးအိမ်ကောင်းနဲ့ နေမယ် ၊ တန်ဖိုးကြီး အဝတ်အစားတွေ ဝယ်ဝတ်မယ် စသည်ဖြင့် စဉ်းစားကြတာပါ။ တကယ့်လောကက ထိပ်ထိပ်ကြဲ ချမ်းသာသူတွေဟာ မလိုဘဲ အလကားသက်သက် ငွေမဖြုန်းတတ်ကြသူတွေ ဖြစ်ပါတယ်။