ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးကာဗာနီဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ မဆုံးဖြတ်မီမှာ ရီးရဲမက်ဒရစ်၊ ဂျူဗင်တပ်အသင်းတို့နဲ့ ပြောဆိုဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
ကာဗာနီဟာ ပြီးခဲ့တဲ့ရာသီကုန်မှာ ၃၀၁ ပွဲမှာ သွင်းဂိုး ၂၀၀ သွင်းယူပေးခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးလို့ ထွက်ခွာခဲ့ပြီးနောက် ယခုနွေရာသီမှာ အသင်းလက်မဲ့ကစားသမားဖြစ်နေခဲ့တာဖြစ်ပါတယ်။

Photo: Goal.com
ESPN ရဲ့ ဖော်ပြချက်အရ အီတလီထိပ်သီးဂျူဗင်တပ်က ကာဗာနီကို တစ်ရာသီ ယူရို ၈ သန်းအထိ တန်ကြေးရှိတဲ့ ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းကလည်း ဝါရင့်တိုက်စစ်မှူးနဲ့ စာချုပ်ပါအချက်တွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ထိပ်သီးအသင်း ၂ သင်းစလုံးက အပြောင်းအရွှေ့အတွက် ကမ်းလှမ်းထားချိန်မှာ ကာဗာနီဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တကမ္ဘာလုံးအတိုင်းအတာကျော်ကြားမှု၊ ပရိသတ်အင်အားတောင့်တင်းမှုတို့ကြောင့် ချက်ချင်းပဲ အိုးထရက်ဖို့ဒ်ကို ပြောင်းဖို့ စိတ်ဝင်စားသွားခဲ့တယ်လို့ သိရပါတယ်။ ကာဗာနီဟာ ၎င်းရဲ့နောက်ထပ်ပြောင်းရွှေ့မယ့်နေရာက အိုးထရက်ဖို့ဒ်ဖြစ်တယ်လို့ ရွေးချယ်လိုက်တဲ့အချိန်မှာတော့ လျင်လျင်မြန်မြန်ပဲ အပြောင်းအရွှေ့ဖြစ်မြောက်ခဲ့ပြီး ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာ တစ်နှစ်စာချုပ်လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။
ကာဗာနီဟာ နွေရာသီတလျှောက်လုံး ပဲရစ်မှာ တစ်ယောက်တည်း လေ့ကျင့်နေခဲ့တာဖြစ်ပြီး ယခုအပတ်မှာ အသက် ၃၃ နှစ်အရွယ်ကစားသမားဟာ ယူနိုက်တက်ဝတ်စုံနဲ့ ကြံ့ခိုင်မှုပြည့်ဝနေအောင် လေ့ကျင့်နေတဲ့ဗီဒီယိုဖိုင် ထွက်ပေါ်လာခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ပြီးနောက် ကာဗာနီက “မန်ချက်စတာယူနိုက်တက်က ကမ္ဘာပေါ်မှာ အကြီးမားဆုံးအသင်းတွေထဲကတစ်သင်းပါ။ အဲဒီတော့ ဒီမှာရှိနေရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ”

Photo: talksport
“ကျွန်တော် အနားရနေတဲ့အချိန်အတွင်း တကယ်ကို ပြင်းပြင်းထန်ထန်အလုပ်လုပ်ခဲ့ပြီး ဒီမယုံကြည်နိုင်ဖွယ်အသင်းကို ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ အရမ်းစိတ်အားထက်သန်ခဲ့တယ်လို့ ခံစားရပါတယ်။ ကျွန်တော့်ကစားသမားဘဝတလျှောက်လုံး ဘောလုံးကို အသည်းအသန်အားအပေးဆုံးပရိသတ်တွေထဲက အချို့ရဲ့ရှေ့မှာ ကစားခဲ့ဖူးပါတယ်။ မန်ချက်စတာမှာလည်း အဲဒီအတိုင်း အတူတူပဲဖြစ်မယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော် ပရိသတ်တွေပြန်လာဖို့ လုံခြုံတဲ့အချိန်ကျရင် ကြုံရမယ့် အိုးထရက်ဖို့ဒ်က ပတ်ဝန်းကျင်အငွေ့အသက်တွေကို ကြုံတွေ့ရဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး”လို့ ပြောကြားခဲ့ပါတယ်။
