မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးအသစ်ဖြစ်တဲ့ ကာဗာနီဟာ မန်ချက်စတာယူနိုက်တက်ရဲ့အထင်ကရကျောနံပါတ် ၇ ကို ဝတ်ဆင်ရမယ့်တာဝန်ကို လက်ခံခဲ့တာက ၎င်းရဲ့ ဆုံးဖြတ်ချက်လည်းပါဝင်တာကြောင့် ဖိအားတွေအတွက် စိုးရိမ်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူးဟာ အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာ မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီကုန်မှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးသွားလို့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ အိုလေဂန်နာဆိုးလ်ရှားဟာ ဈေးကွက်ထဲမှာ တခြားဦးစားပေးပစ်မှတ်တွေကို ရှာဖွေခဲ့ပေမယ့်လည်း အန်သိုနီမာရှယ်ရဲ့ ဂိုးသွင်းရမယ့်ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့ ဝါရင့်တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ လိုအပ်ခဲ့တယ်လို့ သတိပြုမိခဲ့တာဖြစ်ပါတယ်။

Photo: Goal.com

အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာဗာနီဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်ကတည်းက ဥရောပဘောလုံးလောကမှာ အဆုံးသတ်အသေချာဆုံးတိုက်စစ်မှူးတွေထဲကတစ်ဦးအဖြစ် ဂုဏ်သတင်းကြီးမားခဲ့သူဖြစ်ပြီး နာပိုလီတိုက်စစ်မှူးဟောင်းဟာ အရှိန်အဟုန်အပြည့်နဲ့ နောက်ထပ်တစ်ကြိမ် ဆိုးလ်ရှားအတွက် တိုက်စစ်မှာ မတူညီတဲ့ရွေးချယ်စရာတစ်ခုအဖြစ် ရှိနေပေးမှာဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ ကျောနံပါတ် ၇ ဟာ ကန်တိုနာ၊ ဘက်ခမ်း၊ ရော်နယ်ဒိုတို့အပါအဝင် အသင်းသမိုင်းကြောင်းတလျှောက် အကောင်းဆုံးကစားသမားတွေထဲကအချို့ ဝတ်ဆင်ခဲ့တာကြောင့် ဖိအားတွေရှိနေတာဖြစ်ပါတယ်။

“အဲဒါက အရမ်းကောင်းတဲ့နံပါတ်ပါ။ ကျွန်တော် အဲဒီနံပါတ်ကို လက်ရွေးစင်အသင်းမှာလည်း ဝတ်ဆင်ကစားခဲ့ပါတယ်။ ဒါပေမယ့် ခင်ဗျားဝတ်ဆင်တဲ့နံပါတ်က အခြားအရာတွေအားလုံးထက်ပိုတယ်လို့ ကျွန်တော် ရိုးရိုးသားသားယုံကြည်ပါတယ်”

“အဲဒီနံပါတ်ဝတ်ထားတဲ့အတွက် ပိုအားကိုးခံရမှာပါ။ ခင်ဗျား ကွင်းအပြင်ကိုရောက်သွားတဲ့အခါ အဲဒီကျောနံပါတ်ကို ဝတ်ထားလည်း လွှမ်းမိုးမှုရှိတော့မှာမဟုတ်ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် ခင်ဗျား မန်ချက်စတာယူနိုက်တက်မှာ ထိပ်တန်းကစားသမားအချို့၊ ဒီနိုင်ငံနဲ့ ကလပ်မှာ ဂန္တဝင်တွေဖြစ်ခဲ့ကြတဲ့ကစားသမားတွေဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ ဝတ်ဆင်ခွင့်ရတဲ့အခါမှာ အဲဒီတာဝန်ကို ယူရတာက တကယ်ကို ကောင်းမွန်ပါတယ်”

Photo: Stretty News

“ကျွန်တော် စိန်ခေါ်မှုတွေကို ဝမ်းပန်းတသာကြိုဆိုပါတယ်။ ကျွန်တော် ခင်ဗျားကို ပြောခဲ့သလိုပဲ ဒီရှပ်ကို ကျွန်တော့်မတိုင်မီဝတ်ဆင်ခဲ့ကြတဲ့ အရမ်းကောင်းတဲ့ကစားသမားတွေအများအပြားပြုလုပ်ခဲ့တဲ့အတိုင်း ကျွန်တော် အဲဒါကို ကောင်းမွန်တဲ့ ဖြောင့်မတ်မှု၊ လေးစားမှုတို့နဲ့အတူ ချန်ရစ်ခဲ့နိုင်မယ်လို့ မျှော်လင့်မိပါတယ်”

“အဲဒါက ထူးခြားဆန်းကြယ်တဲ့စိန်ခေါ်မှုဖြစ်ပြီး စိတ်လှုပ်ရှားစရာတာဝန်လည်းဖြစ်ပါတယ်။ ကျွန်တော် ကမ္ဘာပေါ်က အကောင်းဆုံးစိတ်ဆန္ဒနဲ့အတူ လက်ခံခဲ့တာဖြစ်ပြီး ကျွန်တော်ပြောခဲ့သလို ကျွန်တော့်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်အောင် တကယ်ကို ပြင်းပြင်းထန်ထန်အလုပ်လုပ်သွားမှာပါ။ အဲဒါမှလည်း ကျွန်တော် ဒီနံပါတ်၊ ဒီရှပ်ကို ခင်ဗျား ပြောတဲ့ကစားသမားတွေထားခဲ့သလိုမျိုး ထားခဲ့နိုင်မှာပါ”လို့ ပြောကြားခဲ့ပါတယ်။