မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကြယ်ပွင့် ဘရူနိုဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တော့တင်ဟမ်ဟော့စပါးအသင်းကို ၆-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ပထမပိုင်းအပြီးမှာ နည်းပြဆိုးလ်ရှားရဲ့ နည်းစနစ်ကို မေးခွန်းထုတ်ခဲ့ပြီး အသင်းဖော်တွေကို ပြစ်တင်ပြောဆိုခဲ့တယ်လို့ Metro ရဲ့သတင်းအရ သိရပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ယခုရာသီရဲ့ ဒုတိယမြောက်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဟိုဆေးမော်ရင်ဟိုရဲ့ တော့တင်ဟမ်ဟော့စပါးအသင်းက သက်တောင့်သက်သာနဲ့ ဂိုးတွေသွင်းယူပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဆိုးလ်ရှားရဲ့ယူနိုက်တက်ဟာ ပထမပိုင်းအပြီးမှာ ၄-၁ နဲ့ ရှုံးနိမ့်နေခဲ့ပြီး အန်သိုနီမာရှယ်ရဲ့အငြင်းပွားဖွယ် အနီကတ်ပြစ်ဒဏ်ကြောင့် ၁ ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။

Photo: The Sun
ဖာနန်ဒက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပင်နယ်တီကနေတဆင့် အဖွင့်ဂိုးကို စောစောစီးစီးသွင်းယူပေးခဲ့တာဖြစ်ပေမယ့် ပထမပိုင်းအပြီးမှာ ဆိုးလ်ရှားက ဖရက်ဒ်နဲ့ မက်တွန်မီနေးတို့ကို လူစားဝင်ကစားစေရာမှာ ဖာနန်ဒက်စ်ကို လူစားလဲလှယ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ Sunday Mirror ရဲ့ ဖော်ပြချက်အရ ဖာနန်ဒက်စ်ဟာ ပထမပိုင်းအပြီးမှာ ဒေါသထွက်နေခဲ့ပြီး ပထမပိုင်း ၄၅ မိနစ်အတွင်း ဆိုးရွားလွန်းတဲ့စွမ်းဆောင်ရည်ပြသခဲ့တဲ့ အသင်းဖော်တွေကို ပြစ်တင်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ပေါ်တူဂီကြယ်ပွင့်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပွဲချဉ်းကပ်ပုံနဲ့ပတ်သက်ပြီး မပျော်မရွှင်ဖြစ်နေခဲ့တယ်လို့ သိရပြီး ဆိုးလ်ရှားရဲ့ စပါးအသင်းရဲ့ ကစားကွက်ကို လိုက်ဖျက်စေတဲ့ ပွဲဗျူဟာက မမှန်ကန်ခဲ့ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ဖာနန်ဒက်စ် ဥမင်လျှောက်လမ်းထဲကို ဆင်းချလာတဲ့အချိန်မှာ သူ့မျက်နှာက ရဲတွတ်နေပြီး လုံးဝကို ပေါက်ကွဲနေတယ်ဆိုတာ သိသာတယ်”

Photo: Metro
“သူ အသင်းဖော်တွေကို သူတို့က မန်ချက်စတာယူနိုက်တက်ရဲ့ ဂုဏ်ယူစရာအမည်နာမကိုတောင် မထောက်ကြဘူးလို့ စွပ်စွဲခဲ့တယ်။ ‘ငါတို့တွေက မန်ချက်စတာယူနိုက်တက်ဖြစ်အောင် လုပ်ရမယ်။ ဒီလိုမျိုးက မဖြစ်သင့်ဘူး’လို့ အော်ဟစ်နေတယ်”
“နည်းပြကလည်း မှားယွင်းတဲ့နည်းဗျူဟာတွေ ချမှတ်ခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်ခံခဲ့ရမယ်ဆိုတာ ရှင်းနေတာပဲ။ တခြားလူတွေကလည်း အဲဒီတော့မှ အသံတွေ ထွက်လာခဲ့ကြတယ်။ ဒါပေမယ့် သူက အဓိကအင်အားစုကို သယ်ဆောင်မယ့်သူတစ်ယောက် ဖြစ်ခဲ့ပုံပါပဲ”လို့ ယူနိုက်တက်အတွင်းပိုင်းက သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့ပါတယ်။
