စိတ်ဓါတ်ကြံ့ခိုင်မှု ရှိဖို့ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်တောင့်တင်းမှုထက် အချိန်ပိုယူပါတယ်။ လောကဓံအထုအထောင်းတွေအကြားမှာ ရင့်ကျက်တည်ငြိမ်သူအဖြစ် ဖြတ်သန်းနိုင်ဖို့အတွက် ဖွင့်ထားတဲ့ သင်တန်း မရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ် နေ့စဉ်နေ့စဉ် စိတ်ဓါတ်ကြံ့ခိုင်အောင် ပြုပြင်ပုံသွင်းနေမှပဲ ရတာ ဖြစ်ပါတယ်။ အကောင်းမြင်တတ်ခြင်း ၊ ဆုံးရှုံးမှုနဲ့ ကြုံတဲ့အခါ လွယ်လွယ်နဲ့ စိတ်ဓါတ်မကျတတ်ခြင်း နဲ့ သဘောထားပြည့်ဝရင့်ကျက်ခြင်းတွေဟာ စိတ်ဓါတ်ကြံ့ခိုင်သူတွေရဲ့ လက္ခဏာပါပဲ။ စိတ်ဓါတ်ကြံ့ခိုင်သူဟုတ်မဟုတ်ဆိုတာကို အလွယ်လေးနဲ့ ခွဲခြားနိုင်မယ့် နည်းလေးတွေလည်း ရှိပါတယ်။

(၁) စိတ်ခံစားချက် မလွန်အောင် ထိန်းနိုင်တယ်

Photo: Freepik

Mentally Strong ဖြစ်တယ်ဆိုတဲ့ သူတွေဟာ ခံစားချက်က အတွေးပေါ် လွှမ်းမိုးတယ်ဆိုတာကို ကောင်းကောင်းနားလည်ထားတဲ့သူတွေပါ။ ဒါကြောင့်ပဲ ဝမ်းနည်း ဝမ်းသာ ကြုံချိန်မှာ ခံစားချက်ကို ဟန်ချက်ညီအောင် ထိန်းကွပ်တတ်ကြပါတယ်။ စိတ်ခံစားချက်ကြောင့် ပေါက်ကွဲလိုက်တယ်ဆိုတာမျိုး သူတို့မှာ တွေ့ရခဲပါတယ်။

(၂) အပြောင်းအလဲတွေ မကြောက်ဘူး

Photo: Freepik

ရင့်ကျက်လာတဲ့လူတစ်ယောက်ဟာ တော်ရုံအနိမ့်အမြင့် အတက်အကျတွေကြောင့် စိတ်အားငယ်ပြီး ထွက်ပြေးချင်စိတ်မပေါ်တော့ပါဘူး။ ကိုယ်ဖြတ်သန်းလာခဲ့တဲ့ အတွေ့အကြုံတွေကနေ မာကျောတဲ့လူတစ်ယောက်အဖြစ် ထုဆစ်ထားပြီး ဖြစ်လို့ ရင်ဆိုင်ရဲတဲ့ သတ္တိနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ကိုးစားတဲ့ အစွမ်းနဲ့ ကျော်ဖြတ်ဖို့ စဉ်းစားတတ်ပါတယ်။

(၃) စိတ်ရှည်တယ်

Photo: Freepik

သည်းခံနိုင်ခြင်းဟာ ထူးခြားတဲ့ အရည်အချင်းတစ်ခု ဖြစ်ပြီး စိတ်ဓါတ်ခိုင်မာသူတွေမှာ တွေ့နေကျစရိုက်သဘာဝတစ်မျိုးလည်း ဖြစ်ပါတယ်။ ကျရှုံးနေချိန် ပြန်ရုန်းကန်ဖို့ စိတ်ရှည်တာ ၊ လက်ရှိအနေအထားမှာ ကြုံလာသမျှကို သည်းခံပြီး ဖြတ်သန်းနိုင်တာဟာ တစ်နေ့မှာ ပိုပြီး တောက်ပသာယာမယ်ဆိုတဲ့ အကောင်းမြင်မှုကိုလည်း ဦးတည်နေတာ ဖြစ်ပါတယ်။

(၄) ကိုယ်ပိုင်လက္ခဏာနဲ့ နေထိုင်တယ်

Photo: Freepik

နောက်ဆုံးတစ်ခု တွေ့ရတတ်တဲ့ ယေဘုယျလက္ခဏာတစ်ခုက စိတ်ဓါတ်ရင့်ကျက်ခိုင်မာသူတွေဟာ ဘယ်သူ့ရဲ့အရိပ်အောက်မှာမှ မနေဘဲ ကိုယ်ပိုင်ပုံရိပ်တစ်ခုကို တည်ဆောက်တတ်ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ နေထိုင်ဖို့ဆိုတာ လွတ်လပ်ပြီး ကိုယ်စွမ်းကိုယ်စပေါ် ယုံကြည်သူတွေပဲ လုပ်နိုင်တဲ့ အလုပ်တစ်ခုလည်း ဖြစ်ပါတယ်။