အသားအရေ ပျက်စီးစေနိုင်တဲ့ အရာတွေများစွာ သင့်အနီးနားပတ်ဝန်းကျင်မှာရှိတယ်ဆိုတာ သိပါသလား။ တစ်ခါတစ်လေ သိလို့ဖြစ်စေ သတိမထားမိလို့ပဲဖြစ်စေ သင်ကိုယ်တိုင်လုပ်မိတဲ့ တချို့သော နေ့စဉ်ဘဝထဲက အလေ့အထတွေက သင့်အသားအရေးကို ထိခိုက်ပျက်စီးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ လူအများစုသတိမထားမိတဲ့ အသားအရေပျက်စီးစေနိုင်တဲ့ နေ့စဉ်ဘဝထဲက အလေ့အထအမှားတချို့ကို ပြောပြပေးချင်ပါတယ်။
(၁) ဆေးလိပ်သောက်ခြင်း

Source : Healthline
ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်တဲ့အပြင် အသားအရေကိုလည်း ထိခိုက်ပျက်စီးစေနိုင်တာကြောင့် သင့်ရဲ့ ရှိရင်းစွဲအသက်ထက် ပိုပြီးရုပ်ရင့်စေနိုင်ပါတယ်။ ဆေးလိပ်သောက်သူမှမဟုတ်ပါဘူး ဆေးလိပ်ငွေ့ကို တဆင်ခံရှုရှိုက်မိရင်လည်း အသားအရေပျက်စီးခြင်း အရေးအကြောင်းများဖြစ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။
(၂) လှုပ်ရှားမှုနည်းခြင်း

Source : Freepik
ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းက အသားအရေပျက်စီးခြင်းနှင့် ဆက်စပ်မှုရှိနေပါတယ်။ ခန္ဓာကိုယ်ဟာ လှုပ်ရှားမှုရှိမှသာ သွေးလည်ပတ်မှုပိုမိုကောင်းမွန်ပြီး နုပျိုတဲ့အသွင်ကိုဆောင်စေမှာပါ။ လှုပ်လှုပ်ရှားရှား လေ့ကျင့်ခန်းတစ်ခုခုလုပ်တဲ့အခါ ချွေးထွက်စေပြီး ချွေးနဲ့အတူ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်တွေနဲ့ အရေပြားပေါ်ကဆဲလ်သေများကို ဖယ်ရှားပေးကာ ကျန်းမာသောအရေပြားဆဲလ်အသစ်များကို ပြန်လည်မွေးဖွားပေးပါတယ်။ ဒါ့ကြောင့် ကျန်းမာနုပျိုချင်ရင် နေ့စဉ်ပုံမှန် လေ့ကျင့်ခန်းပြုလုပ်ပါလို့ လမ်းညွန်ထားကြတာပါ။
(၃) သကြားဓာတ်အစားများခြင်း

Source : Dale Pinnock
သကြားဓာတ်များများပါတဲ့ အချိုမုန့်တွေ သရေစာတွေကို လူတိုင်းနှစ်သက်ကြပါတယ်။ ပြဿနာက သကြားဓာတ်လွန်ကဲစွာစားသုံးခြင်းဟာ အရေပြားအတွင်းမှာရှိတဲ့ ကော်လာဂျင်ဓာတ်ကိုဆုံးရှုံးစေပြီး အသားအရေလျော့တွဲခြင်း အရေတွန့်ခြင်းတွေဖြစ်လာစေနိုင်တာဖြစ်ပါတယ်။ ဒါ့ကြောင့်အချိုဓာတ်များတဲ့အစားအစာတွေ အစား လက်ဆတ်တဲ့ သဘာဝသစ်သီးတွေကို စားပေးသင့်ပါတယ်။
(၄) စိတ်ဖိစီးမှုများခြင်း

Source : Pinterest
အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်းရဲ့ အကြောင်းအရင်းတစ်ခုက Stress လို့ခေါ်တဲ့ စိတ်ဖိစီးမှုများခြင်းတွေကနေ ဖြစ်လာတာပါ။ စိတ်ဖိစီးမှုများခြင်းက ခန္ဓာကိုယ်သွေးလည်ပတ်မှုကိုနှောင့်နှေးစေပြီး မျက်နှာပေါ်မှာ အဖုအပိမ့်များ ဝက်ခြံနှင့်အမဲစက်များ ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးမှုတွေလျော့နည်းစေဖို့ နေ့စဉ်တရားထိုင်ခြင်း အားကစားလုပ်ခြင်း စာဖတ်ခြင်းစတဲ့အလေ့အထတွေကို လုပ်ဆောင်သင့်တာဖြစ်ပါတယ်။
(၅) ခေါင်းအုံးညစ်ပတ်ခြင်း

Source : Photodune
ညအိပ်ချိန်မှာ အရေပြားဟာ ဆဲလ်အသေတွေကို စွန့်ထုတ်တဲ့ လုပ်ငန်းစဉ်ကိုလုပ်လေ့ရှိပါတယ်။ အဆိုပါဆဲလ်အသေတွေဟာ သင့်ရဲ့မျက်နှာနဲ့အနီးကပ်ရှိတဲ့ ခေါင်းအုံးတွေပေါ်မှာ တင်ကျန်နေလေ့ရှိပါတယ်။ ခေါင်းအုံးတွေ ခေါင်းအုံးစွပ်တွေကို လျော်ဖွတ်သန့်စင်ပေးခြင်းမရှိရင် အရေပြားဆဲလ်အသေတွေနဲ့ ဘက်တီးရီးယားတွေပေါင်းစပ်ပြီး သင့်မျက်နှာအသားအရေကို ပျက်စီးလာစေနိုင်ပါတယ်။ ဒါ့ကြောင့် ခေါင်းအုံးတွေကို သန့်စင်ပေးခြင်း ခေါင်းအုံးစွပ်တွေကို အနည်းဆုံးတစ်ပတ်တစ်ခါလျော်ဖွတ်ပေးခြင်းတို့ လုပ်ပေးသင့်ပါတယ်။
(၆) မျက်မှောင်ကြုပ်ခြင်း

Source : Daily Mail
မျက်စိကျန်းမာရေးကို မေ့မေ့လျော့လျော့နေမိတာက အသားအရေကိုထိခိုက်စေတယ်ဆိုတာ လူတိုင်းထင်မှတ်မထားမိတဲ့ အရာတစ်ခုပါ။ အမှန်ပါပဲ ဖုန်းသုံးတာဖြစ်စေ စာအုပ်ဖတ်တာဖြစ်စေ တစ်စုံတစ်ခုကို အာရုံစိုက်ပြီးကြည့်တဲ့အခါ မျက်စိအားနည်းနေတာ မျက်မှန်ပါဝါနည်းနေတာမျိုးဆိုရင် လူတိုင်းလိုလို မျက်မှောင်ကြုပ်ပြီး မျက်လုံးကို ပိုမိုအားစိုက်ကြည့်လေရှိပါတယ်။ မကြာခဏ မျက်မှောင်ကြုပ်တာက မျက်လုံးတဝိုက်က အသားအရေကို လျော့တွဲစေခြင်း အရေးအကြောင်းများဖြစ်စေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြော င့် မျက်စိကျန်းမာရေးကလည်း အထူးဂရုစိုက်သင့်ပါတယ်။
