အင်္ဂလန်ရဲ့ နာမည်ကျော် ပရီးမီးယားလိဂ်ဖလားလိုပါပဲ ။ ပရီးမီးယားလိဂ်ကစားသမားတွေထဲက ဆံပင်ပုံစံအကောင်းဆုံး ဘောလုံးသမားတွေကို ရွေးထုတ်ပြီး Premi-Hair league အဖြစ် မဲပေးတာ ရှိပါတယ်။
အင်္ဂလန်က နာမည်ကျော် ဆံပင်ပညာရှင်တွေနဲ့ ဖွဲ့ထားတဲ့ VO5 က သုတေသီတွေ လုပ်ထားတာပါ။ အင်္ဂလန်က ဘောလုံးဝါသနာအိုးတွေကို မေးမြန်းပြီး လေ့လာစစ်တမ်းကောက်ထားတဲ့အထဲကနေ ရွေးချယ်ထားတာ ဖြစ်ပါတယ်။ VO5 အဖွဲ့ဟာ ဗြိတိန်က ဘောလုံးဝါသနာအိုး ၂၀၀၀ ကို ဘောလုံးသမားတွေထဲကမှ ဆွဲဆောင်မှုအရှိဆုံး ဆံပင်ပုံစံရှိသူကို မေးမြန်းခဲ့ကြပါတယ်။

Photo: Mens Fashion Magazine
၂၀၂၀-၂၁ Premi-Hair League မှာ ဆံပင်ပုံစံအကောင်းဆုံးအဖြစ် သတ်မှတ်ခံရသူက စပါးတိုက်စစ်မှူးဟယ်ရီကိန်း ဖြစ်ပါတယ်။ သူ့နောက်မှာ အာဆင်နယ်မှ ဒေးဗစ်လုဇ် ၊ စပါးမှ ဟူဂိုလောရစ် ၊ မန်ချက်စတာယူနိုက်တက်မှ ပေါလ်ပေါ့ဂ်ဘာနဲ့ လက်စတာစီးတီးမှ ဂျိမ်းစ်မက်ဒီဆင်တို့က အစဉ်အတိုင်း ရပ်တည်နေပါတယ်။
VO5 ရဲ့ စစ်တမ်းမှာ စိတ်ဝင်စားစရာတစ်ချက်က ဆံပင်ပုံစံဟာ ကစားသမားတစ်ယောက်ရဲ့ ရုပ်သွင်အတွက် အရေးကြီးဆုံးအပိုင်းအဖြစ် ၄၂% ပါဝင်နေပြီး သူတို့စီးတဲ့ ဖိနပ်က ၂၉% နဲ့ သူတို့ရဲ့ ကွင်းပြင်ပ ဖက်ရှင်က ၂၇% အရေးပါတယ် ဆိုတာပဲ ဖြစ်ပါတယ်။ ဒီထက်ပိုစိတ်ဝင်စားစရာကောင်းတာက ရုပ်ရည်သွင်ပြင်နဲ့ ဖက်ရှင် လိုက်ဖက်မယ်ဆိုရင် အဲ့ဒီကစားသမားရဲ့ ဘောလုံးကွင်းစွမ်းရည်နဲ့ နာမည်ပိုကြီးမယ်လို့ ဖြေဆိုသူရဲ့ ၆၃% က လက်ခံထားတာပဲ ဖြစ်ပါတယ်။

Photo: eurosport
၁၉၉၂ ခုနှစ်က စတင်ခဲ့တဲ့ ပရီမီးယားလိဂ်တစ်လျှောက်အတွက် ဆံပင်ပုံစံအကောင်းဆုံးအဖြစ် Vote ပေးခံရသူကတော့ လက်ရှိ ဂျူဗင်တပ်မှာ ကစားနေတဲ့ ခရစ္စတီယာနို ရိုနယ်ဒိုပဲ ဖြစ်ပြီး သူ့နောက်မှာ ချဲလ်ဆီးဂန္ဓဝင်ကစားသမား ဖရန့်ခ်လမ်းပတ် နဲ့ ဒေးဗစ်ဘက်ခမ်းတို့ကို ဒုတိယ နဲ့ တတိယဆံပင်ပုံစံအကောင်းဆုံး Premi-Hair လိဂ်ဆုတွေ ပေးထားပါတယ်။
