နေ့ရက်တိုင်းဟာ ပျော်စရာမကောင်းပေမယ့် ကျွန်တော်တို့စိတ်ကို ပျော်အောင်ထားဖို့ လိုပါတယ်။ ဘဝက တိုတောင်းလှတာကြောင့် ငြီးငွေ့စိတ်ပျက်စရာနေ့ရက်တွေနဲ့ ကုန်ဆုံးမသွားအောင် ကိုယ့်ကိုယ်ကိုယ် ကိုယ်ပဲ ဂရုစိုက်ရမှာပါ။ ဒါကြောင့် နေ့ရက်တိုင်းအတွက် အကောင်းမြင်ပြီး စိတ်ရွှင်လန်းစေဖို့ အကြံပြုချက်လေးတွေ မျှဝေပေးလိုက်ပါတယ်။
(၁) မကောင်းမြင်စိတ် လျှော့ချပါ

Photo: Freepik
စိတ်ကို ဆိုးညစ်သွားစေနိုင်တဲ့ အရာတွေက ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အများကြီး ရှိပါတယ်။ ဘတ်စ်ကားစီးရင်းနဲ့လည်း တွေ့နိုင်သလို အလုပ်လုပ်ရင်းနဲ့လည်း ကြုံနိုင်ပါတယ်။ Facebook သုံးရင်းနဲ့လည်း မြင်ရတတ်သလို ပြောရင်းဆိုရင်းနဲ့လည်း ကြားသိနေရတာပါပဲ။ ဘယ်လို အာရုံဆိုးတွေနဲ့ပဲ တွေ့ရတွေ့ရ ကိုယ့်စိတ်ကလေး ညစ်ထေးမသွားရအောင် မကောင်းတဲ့လွှမ်းမိုးမှုဖြစ်အောင် ရှောင်တဲ့အကျင့်လုပ်ကြည့်ပါ။
(၂) မျှော်လင့်ချက် မထားဘဲ ပေးကမ်းပါ

Photo: Freepik
ဘာကိုမှ ရလိုမှ မထားဘဲ စွန့်လွှတ်ပေးလှူတတ်တဲ့ အကျင့်လုပ်ထားပါ။ တစ်ဖက်သားကို စိတ်ထားဖြူဖြူနဲ့ ကူညီတတ်ခြင်းဟာ အခက်အခဲကြုံနေရတဲ့ သူတစ်ပါးတွေအတွက်လည်း အဆင်ပြေသလို ကိုယ်လည်း ကြည်နူးရွှင်လန်းရပါတယ်။
(၃) လေ့ကျင့်ခန်း လုပ်ပါ

Photo: Freepik
လှုပ်လှုပ်ရှားရှားနေခြင်းက ကျန်းမာဖို့တင် အထောက်အကူပြုတာမဟုတ်ဘဲ သွေးထဲကို အောက်ဆီဂျင်စီးဆင်းမှု ပိုကောင်းစေလို့ စိတ်ခံစားချက်ပါ ကောင်းမွန်တယ်လို့ အားလုံးက လက်ခံထားကြပါတယ်။ ဒါကြောင့် အားကစားမလုပ်ဖြစ်ရင် အားကစားကို ပုံမှန်လုပ်ပေးဖို့ အကြံပေးချင်ပါတယ်။
(၄) ပြုံးပါ

Photo: Freepik
အပြုံးဟာ အထိရောက်ဆုံးလူမှုဆက်ဆံရေး ကြားခံအပြုအမူဖြစ်ပါတယ်။ ရိုးသားစွာ ပြုံးပြတတ်ဖို့ နဲ့ လူအချင်းချင်း စိတ်ပါလက်ပါ နှုတ်ဆက်စကားပြောတတ်ဖို့ဆိုတာ လုပ်ရမခက်ပါဘူး။ ရတဲ့ အကျိုးအမြတ်ကြီးတယ်ဆိုတာလည်း သိထားသင့်ပါတယ်။
