ယောင်္ကျားတစ်ယောက်ဟာ မိတ်ကပ်တွေ ၊ Beauty Salon တွေနဲ့ ဘယ်လိုမှ မဆိုင်ဘူးဆိုပေမယ့် ကိုယ့်ကိုယ်ကိုယ်တော့ ပြုပြုပြင်ပြင် နေပေးဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် Care လုပ်ခြင်းဟာ တစ်ကိုယ်ရည်ကျန်းမာရေးစောင့်ရှောက်တာ ဖြစ်သလို ကိုယ့်ရဲ့ နုပျိုမှုနဲ့ ရုပ်ရည်ကိုပါ ပြုပြင်နေတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကိုယ် ပြုပြင်မှု မလုပ်လို့ဘဲ ရုပ်ရှိသလောက် ပုံမထွက်တာ ဖြစ်ပါတယ်။ ရုပ်ချောတယ်ဆိုတာထက် သန့်ပြန့်ပြီး သားနားတယ်ဆိုတာက ပိုလို့ ကြည့်ကောင်းပါတယ်။ ဒါကြောင့်ပဲ သန့်သန့်ပြန့်ပြန့် ရုပ်ရည်ထွက်ဖို့ အခုပြောမယ့် အချက်ကလေးတွေ ပြင်ပေးသင့်ပါတယ်။

(၁) မုတ်ဆိတ်ရိတ်ဓါး အသစ်လဲပေးပါ

Photo: Freepik

မုတ်ဆိတ်ရိတ်ဓါးတစ်လက်ကို ၆ ကြိမ် သုံးပြီးတိုင်း တစ်ခါလဲပေးဖို့ အကြံပေးချင်ပါတယ်။ မုတ်ဆိတ်ရိတ်ဓါးအသစ် မလဲဘဲ ဆက်သုံးနေမယ်ဆိုရင် Dead skin တွေ ပိုများလာနိုင်သလို ၊ ဓါးထိတာ နဲ့ မုတ်ဆိတ်မပြောင်တာတွေလည်း ဖြစ်နိုင်ပါတယ်။ နောက်ဆို မုတ်ဆိတ်ပေါက်တာ မညီမညာဖြစ်လာနိုင်သလို ဓါးထိထားလို့ အမာရွတ်ပါ ဖြစ်လာနိုင်ပါတယ်။

(၂) သုံးလတစ်ကြိမ် သွားတိုက်တံသစ် လဲပါ

Photo: Freepik

သွားတွေ ကျန်းမာဖြူစင်ဖို့ တစ်ရက်နှစ်ကြိမ် ပုံမှန်သွားတိုက်ပေးဖို့ တိုက်တွန်းကြပါတယ်။ နောက်တစ်ခု တိုက်တွန်းချင်တာက သွားတိုက်တံတွေကို ၃ လတစ်ခါလောက် အသစ်လဲပေးဖို့ ဖြစ်ပါတယ်။ အကြောင်းက သွားတိုက်တံတစ်ချောင်းဟာ ပုံမှန်သုံးလာရင်းနဲ့ ၃ လလောက်ဆိုရင် ဖိအားတွေ များလို့ အမွေးတွေ ဖွာပြီး သွားတိုက်ရာမှာလည်း ထိရောက်မှုရှိသလို သွားကြိုသွားကြားထဲက ဘက်တီးရီးယားတွေကိုလည်း ကောင်းကောင်း ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။

(၃) Dryer ကို Cold-Air ခလုတ်နဲ့ပဲ သုံးပါ

Photo: Freepik

ခေါင်းကို ရေအမြန်ခြောက်စေချင်တာနဲ့ Blow Dryer မှာ အပူချိန်အမြင့်ဆုံး တင်တာမျိုးက ဆံပင်လည်း ပျက်စီးစေသလို ဦးရေပြားပါ ခြောက်သွေ့မှု ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ခေါင်းလေမှုတ်စက် သုံးမယ်ဆို Cold-Air ခလုတ်ဖွင့်သုံးပါ။ ဆံပင်ကိုလည်း တိုက်ရိုက် ကပ်ပြီး မမှုတ်ပါနဲ့။

(၄) နွေရာသီမှာ Spray သုံးပါ

Photo: Freepik

ပူပြင်းတဲ့ နွေရာသီမှာ သန့်သန့်ပြန့်ပြန့် မွှေးမွှေးကြိုင်ကြိုင်ဖြစ်နေဖို့ အဆီပါတဲ့ အလှကုန်တွေ ရှောင်ပြီး ရေမွှေးဆွတ်သင့်ပါတယ်။ ရှပ်ကော်လာတွေနဲ့ ဆံပင်ရဲ့ အဆုံးအနားမှာ ၊ လည်ပင်းအပေါ်နားလို နေရာမျိုးမှာ ရေမွှေး Spray လေး ဖြန်းထားရင် စိတ်လည်းကြည်သလို လူလည်း ပိုပြီး သန့်ပြန့်သွားမှာပါ။

(၅) အိပ်ရာဝင်ချိန်မှာ Skin Care လုပ်ပါ

Photo: Freepik

Skin Care ဆိုလို့ အများကြီးတော့ မဟုတ်ပါဘူး။ အိပ်နေချိန်မှာ အရေပြားပေါ်က ဆဲလ်တွေဟာ အမြန်ဆုံးနှုန်းနဲ့ အသစ်ပြန်ဖြစ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ရာဝင်ချိန်မှာ Night cream လေးဖြစ်ဖြစ် လိမ်းပေးပြီး အရေပြားကို အားဖြည့်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် အသားအရေစိုပြေကြည်လင်ပြီး လူလည်း ပိုနုပျိုစေနိုင်ပါတယ်။