တစ်နေ့တာပင်ပန်းမှုတွေကို ပြေလျော့စေပြီး ညဘက်မှာ ကောင်းစွာအိပ်ပျော်ဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေများစွာ ရှိပါတယ်။ အဲ့ဒီထဲမှာ အထိရောက်ဆုံးနဲ့ လူအကြိုက်အများဆုံးနည်းလမ်းတစ်ခုက ယောဂပြုလုပ်ခြင်းပါ။ ယောဂလေ့ကျင့်ခန်းဟာ စိတ်နဲ့ ခန္ဓာကိုယ်ကို အေးချမ်းစေပြီး စိတ်ဖိစီးမှုနဲ့တင်းကျပ်ခြင်းတွေကို လျော့ချပေးကာ ကောင်းစွာအိပ်ပျော်စေဖို့ ကူညီပေးပါတယ်။ ဒီတခေါက်မှာတော့ ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေဖို့ ကူညီပေးနိုင်တဲ့ ယောဂလေ့ကျင့်ခန်းတွေကို စာဖတ်ပရိသတ်တွေအတွက် မျှဝေပေးချင်ပါတယ်။ လွယ်ကူရိုးရှင်းပြီး အမျိုးသားတွေရောအမျိုးသမီးတွေပါ ပြုလုပ်လို့ရနိုင်တဲ့ လေ့ကျင့်ခန်းတွေဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁)

Source : Pinterest
အရင်ဆုံး ကြမ်းပြင်ပေါ်မှာ ပလက်အနေအထားလှဲလျောင်းလိုက်ပါ။ ခြေထောက်တွေကိုဘေးသို့အနည်းငယ်ဖြန့်ကျက်ထားပြီး လက်နှစ်ဖက်ကိုလည်း ခန္ဓာကိုယ်ရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာ သက်တောင့်သက်သာထားထားပါ။ စိတ်ကိုတင်းကျပ်မနေစေပဲ လုံးဝဖြေလျော့ထားပါ။ ထို့နောက် အသက်ကိုဖြေးဖြေးချင်း ရှုသွင်းရှုထုတ်လုပ်ပေးပါ။ ထိုသို့ လွယ်ကူရိုးရှင်းတဲ့ ပုံစံအတိုင်း ၅ မိနစ်ခန့်ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်း (၂)

Source : Mens Yoga Journal
ဒီလေ့ကျင့်ခန်းကတော့ ယောဂလေ့ကျင့်ခန်းတွေထဲမှာ လူသိများတဲ့လေ့ကျင့်ခန်းတစ်ခုပါ။ အရင်ဆုံး သင့်ခန္ဓာကိုယ်ကို ဒူးထောက်ထိုင်လျက်အနေအထား ပုံစံယူပါ။ ထို့နောက် လက်နှစ်ဖက်ကိုဆန့်ထုတ်ကာသင့်ခန္ဓာကိုယ်ကို ရှေ့သို့ဖြေးဖြေးချင်းကိုင်းချပြီး ကြမ်းပြင်နဲ့ထိသည်အထိ ကိုယ်ကိုကိုင်းချလိုက်ပါ။ ခန္ဓာကိုယ်ကိုကြမ်းပြင်နဲ့ထိကာ ဒူးထောက်ထားသည့် ပုံစံအတိုင်းနေငြိမ်ငြိမ်လေးနေ၍ အသက်ကိုဖြေးဖြေးချင်း ရှုသွင်းရှုထုတ်ပြုလုပ်ပါ။ ထိုပုံစံအတိုင်း ၃ မိနစ်ခန့်ပြုလုပ်ပေးရမယ်။
လေ့ကျင့်ခန်း (၃)

Source : WeMystic
သင့်ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်မှာ ပလက်အနေအထားပုံစံယူပါ။ သင့်ရဲ့လက်နှစ်ဖက်ကို ဦးခေါင်းအနောက်ဘက်သို့ ၉၀ ဒီဂရီဆန့်ထုတ်ပြီး ကြမ်းပြင်နဲ့ကပ်ထားပေးပါ။ ခြေထောက်တွေကိုတော့ ပုံမှာမြင်ရသလို တင်ပါးရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာကပ်ထားပြီး ဒူးထောက်ထိုင်လျက်ပုံစံကို လှဲလျောင်းနေတဲ့ အနေအထားအတိုင်း ပြုလုပ်တဲ့ပုံစံမျိုး နေပေးရပါမယ်။ ထို့နောက်အသက်ကိုဖြေးဖြေးနဲ့ မှန်မှန်ရှုသွင်းရှုထုတ်ပါ။ ထိုပုံစံအတိုင်း ၁ မိနစ်ခန့်နေပေးရပါမယ်။
လေ့ကျင့်ခန်း (၄)

Source : Man Flow Yoga
လေ့ကျင့်ခန်းပြုလုပ်ရန်အတွက် အရင်ဆုံးကြမ်းပြင်ပေါ်မှာ ပလက်အနေအထားအတိုင်းလှဲလျောင်းပေးပါ။ ထို့နောက် ပုံမှာမြင်ရတဲ့အတိုင်း ဒူးကွေးကို ဝမ်းဗိုက်အနားသို့ရောက်သည်အထိ ကွေးညွတ်ပေးပါ။ အရင်ဆုံး ခန္ဓာကိုယ်ဘယ်ဘက်ခြမ်းသို့ ဒူးကွေးချလိုက်ပြီး ဘယ်ဘက်လက်က ကွေးထားတဲ့ဒူးကို ခပ်ဖွဖွထိထားပေးရပါမယ်။ ညာဘက်လက်ကိုတော့ ကြမ်းပြင်ပေါ်မှာပဲ သက်တောင့်သက်သာချထားပြီး အသက်ကိုဖြေးဖြေးချင်းရှုပါ။ ဤပုံစံအတိုင်း ၁ မိနစ်ခန့်နေပေးရပါမယ်။ပြီးရင်တော့ ထိုပုံစံအတိုင်း ဘယ်ညာပြောင်းပြီး ၁ မိနစ်ခန့်နေပေးရပါမယ်။
