တကယ်လို့ သင်သာ လူချမ်းသာတစ်ယောက်ဆိုရင် ဘယ်လိုနေရာတွေမှာ ပိုက်ဆံတွေ ‘ဖြုန်း’ပစ်မယ် စိတ်ကူးပါသလဲ။ ကားအကောင်းစား ဝယ်စီးဖို့လား ။ တန်ဖိုးကြီးလက်ဝတ်ရတနာ ဝယ်စုဖို့လား။ ဒါမှမဟုတ် ဇိမ်ခံတိုက်နဲ့ နေဖို့လား။ ဒိတ်ဒိတ်ကြဲချမ်းသာပါတယ်ဆိုတဲ့ မီလျံနာနဲ့ ဘီလျံနာတွေတိုင်းက ငွေကို ရေလို ဖြုန်းတဲ့သူတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ချို့ဘီလျံနာတွေထဲမှာ ဒေါ်လာ ၄.၅ ဘီလျံတန် ရွက်လှေဝယ်တဲ့သူပါ ရှိပါတယ်။ ကဲ.. ကမ္ဘာပေါ်က ဈေးအကြီးဆုံးဆိုတဲ့ အရာတွေက ဘယ်အရာတွေ ဖြစ်မလဲကြည့်ရအောင်။
(၁) Graff Diamonds Hallucination watch နာရီ

Photo: moneyinc
ဒေါ်လာ ၅၅ သန်းတန် ရတနာစုံနာရီပါ။ လန်ဒန်အခြေစိုက် Graff Diamonds က နာရီပေါင်း ထောင်ချီပြီးအချိန်ယူဖန်တီးခဲ့ရတယ်လို့ ဆိုပါတယ်။ ပလတ်တီနမ်သလင်းကျောက်သား Quartz နာရီဖြစ်ပြီး အဝါရောင် ၊ ပန်းရောင် ၊ အပြာရောင် ၊ မီးခိုးနဲ့ လိမ္မော်ရောင် စိန်တွေကို အကွက်အမျိုးမျိုး သွေးပြီး ပုံဖော်ထားတာပါ။
(၂) ဒေါ်လာ သန်း ၇၀ တန် 1963 Ferrari 250 GTO

Photo: CNN
၁၉၆၃ မော်ဒယ် အီတလီ Sports car တစ်စင်းဖြစ်တဲ့ Ferrari 250 GTO ကို WeatherTech တည်ထောင်သူ ဒေးဗစ်မက်စ်နေးလ်က စံချိန်တင် ဒေါ်လာ သန်း ၇၀ ပေးပြီး ဝယ်သွားခဲ့ပါတယ်။ Ferrari ဟာ ၁၉၆၂ နဲ့ ၁၉၆၄ အကြားမှာ ကားအစင်းရေ ၃၉ စင်းပဲ ထုတ်ခဲ့တာပါ။ ဒီမော်ဒယ် Ferrari ကားတွေကို ပိုင်တဲ့သူတွေထဲမှာ ဖက်ရှင်သူဌေးကြီး ရက်ဖ်လော်ရန် ၊ Pink Floyd အဖွဲ့မှ ဒရမ်မာ နစ်ခ်မန်ဆင် နဲ့ ဗြိတိန်ဘီလျံနာ လော့ဒ်အန်တိုနီ ဘန်းဖို့တို့လည်း ပါဝင်ပါတယ်။
(၃) ဒေါ်လာ ၃ သန်းကျော်တန် တူနာငါး

Photo: cheatsheet
တူနာငါးတစ်ကောင်ကို ဒေါ်လာ ၃.၁ သန်းအထိ ပေးပြီး ဝယ်ခဲ့တယ်ဆိုရင် မယုံနိုင်အောင် ဖြစ်ပါလိမ့်မယ်။ ဆူရှီစားသောက်ဆိုင်ပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကီရောရှီ ကီမူရာဟာ ဂျပန်နိုင်ငံ တိုယိုဆုဈေးကွက်က ဆူးတောင်ပြာတူနာငါးတစ်ကောင်ကို ယန်း ၃၃၃.၆ သန်း ပေးဝယ်ခဲ့တာပါ။
(၄) ဒေါ်လာ ၂ ဘီလျံတန် Antilia ဇိမ်ခံတိုက်

Photo: youngisthan
အိန္ဒိယရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် မူးကတ်ချ်အမ်ဘာနီရဲ့ မွမ်ဘိုင်းက စံအိမ်ဟာ ပေးထားတာနဲ့ တန်သလားလို့ ထင်စရာကောင်းပါတယ်။ အထပ် ၂၇ ထပ်ရှိတဲ့ Antilia တိုက်ဟာ စတုရန်းပေ ၄ သိန်းကျယ်ဝန်းပြီး ငလျင်ဒဏ်ကို ခံနိုင်ရည်ရှိအောင် အထူးဆောက်လုပ်ထားတာပါ။
နာမည်ကိုတော့ အတ္တလန်တိတ်ကျွန်းကို ရည်စူးပြီး Antilia လို့ ပေးခဲ့တာ ဖြစ်ပါတယ်။ ကားအစင်းရေ ၁၆၈ စင်းဆံ့ ဂိုထောင် ၊ Spa ၊ ဘုရားရှိခိုးဆောင် ၊ နှစ်ထပ်အပန်းဖြေဆောင် ၊ လူ ၅၀ ကြည့်နိုင်မယ့် ရုပ်ရှင်ရုံ ၊ ဟယ်လီကော်ပတာဆင်းနိုင်မယ့် ကွင်း ၃ ခု ၊ပန်းခြံ ၊ ဘောလုံးကွင်းနဲ့ဧည့်နားနေဆောင်တို့လည်း ပါဝင်ပါတယ်။
(၅) Salvator Mundi ပန်းချီကား

Photo: vanityfair
၂၀၁၇ ခုနှစ်က လီယိုနာဒိုဒါဗင်ချီရဲ့ Salvator Mundi (လောကကို ကယ်တင်သူ) ပန်းချီကားကို ခရစ္စတီလေလံမှာ ဒေါ်လာ သန်း ၄၅၀ နဲ့ လေလံအောင်သွားပါတယ်။ ဒီပန်းချီကို ဝယ်သူကတော့ ဆော်ဒီမင်းသား ဘေဒါဘင်အဗ္ဗဒူလာဘင် မိုဟာမက်ဘင် ဖာဧန်အယ်ဆော့ဒ် ဖြစ်ပါတယ်။
ဒါဗင်ချီရဲ့ နောက်ဆုံး လက်ရာတစ်ခုလို့ သတ်မှတ်ထားတဲ့ ဒီပန်းချီကားနဲ့ ပတ်သက်ပြီး မှတ်သားစရာက ၁၉၅၈ ခုနှစ်မှာ ဒီပန်းချီကားကို ဒါဗင်ချီနောက်လိုက် ဘာနာဒီနို လိုင်နီဆွဲထားတယ် ထင်ပြီး ဒေါ်လာ ၆၀ လောက်နဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။
(၆) ဒေါ်လာ ၄၉.၇ သန်းတန် domain name

Photo: cheatsheet
Insurance.com ဆိုတဲ့ domain ဟာ ဒေါ်လာ ၃၅.၆ သန်းနဲ့ စံချိန်တင်ဈေးအကြီးဆုံး domain name ဖြစ်ခဲ့ပါတယ်။ CarInsurance.com ကတော့ ဒေါ်လာ ၄၀.၇ သန်းနဲ့ စံချိန်ချိုးသွားခဲ့ပါတယ်။
(၇) ၄.၅ ဘီလျံတန် ရွက်လှေ

Photo: moneyinc
History Supreme လို့ခေါ်တဲ့ အလျားပေ ၁၀၀ ရှည်လျားတဲ့ ရွက်လှေကို ရွှေသားတွေနဲ့ လုပ်ထားတာပါ။ ယူကေက Stuart Hughes ဒီဇိုင်နာတွေရဲ့ လက်ရာ ဖြစ်ပြီး လှေထဲက Master Bedroom နံရံတွေကို ဥက္ကာခဲနဲ့ လုပ်ထားတာပါ။ နောက်ပြီး T-Red ဒိုင်နိုဆောအရိုးနဲ့ လုပ်ထားတဲ့ အရုပ်တစ်ခုလည်း ရှိပါတယ်။
၈၆ ကီလိုဂရမ် ၂၄ ကာရက်ရွှေနဲ့ လုပ်ထားတဲ့ ရေအောက်မြင်ကွင်းကျယ်ကြည့်နိုင်မယ့် အခန်းတစ်ခန်းနဲ့ ၁၈.၅ ကာရတ်စိန်တစ်ခုပါ အရက်ပုလင်းတစ်ခုလည်း ပါရှိပါတယ်။ ဒီလှေကို မလေးရှားရဲ့ အချမ်းသာဆုံးသူဌေး ရောဘတ် နော့ခ်ပိုင်ပါတယ်။ ဈေးက ဒေါ်လာ ၄.၅ ဘီလျံ ဖြစ်ပါတယ်။
