လူတွေဘာကြောင့် ခရီးသွားတာကြတာလဲဆိုတာ သိပါသလား? အဖြေကလွယ်လွယ်လေးပါ ခရီးသွားခြင်းကိုနှစ်သက်ကြလို့ပဲဖြစ်ပါတယ်။ ဘာလို့ခရီးသွားတာကိုကြိုက်ကြတာလဲဆိုရင်တော့ အချက်တွေအများကြီးရှိပါလိမ့်မယ်။ ခရီးသွားခြင်းရဲ့ ကောင်းကျိုးတွေအများကြီးရှိပါတယ်။ အခုပြောပြမှာက ခရီးသွားခြင်းကနေရရှိနိုင်တဲ့ အကျိုုးကျေးဇူးတွေထဲက တချို့အချက်တွေကိုပြောပြပေးမှာဖြစ်ပါတယ်။
(၁) စိတ်အပန်းပြေစေတယ်
Source : Freepik
မြို့ပြမှာနေတဲ့လူတော်တော်များများဟာ နေ့စဉ်များပြားလှတဲ့လုပ်ငန်းဆောင်တာတွေ၊ ပြဿနာတွေနဲ့ မြို့ပြရဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ရပါတယ်။ ဒါကြောင့် တဖြည်းဖြည်းစိတ်ဖိစီးတွေများတဲ့အခါ အကောင်းဆုံးကုထုံးကတော့ ခရီးသွားခြင်းပါပဲ။ နေရာအသစ်၊ ရှုခင်းအသစ်တွေနဲ့တွေ့ရတဲ့အခါ သင့်ဘဝရဲ့ ကောင်းတဲ့အရာတွေကို သတိပြုမိစေပြီး စိတ်ပင်ပန်းမှုတွေပြေပျောက်စေပါတယ်။
(၂) ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို တိုးတက်စေတယ်
Source : Freepik
ခရီးသွားတဲ့ သင်အနေနဲ့ ယဉ်ကျေးမှုအသစ်တွေ၊ လူနေမှုဘဝပုံစံအသစ်တွေကို လေ့လာခွင့်ရတဲ့အပြင် မိတ်ဆွေအပေါင်းအသင်းအသစ်တွေနဲ့ပါ တွေ့ရနိုင်ပြီး သင့်ရဲ့လူမှုဆက်ဆံရေးနယ်ပယ်ကို ပိုကျယ်လာစေပါတယ်။ ဝါသနာတူ မိတ်ဆွေချင်းသွားခဲ့ဖူးတဲ့ ခရီးစဉ်တွေအကြောင်းပြောရင်း ခရီးစဉ်အသစ်တွေကိုပါ စီစဉ်လို့ရနိုင်ပါသေးတယ်။
(၃) ကိုယ့်ကိုယ်ကို ယုံကြည်မှုပိုမြင့်စေတယ်
Source : Freepik
နေရာအသစ်၊ ပတ်ဝန်းကျင်အသစ်ကို ခရီးထွက်တဲ့အခါ ဗဟုသုတအသစ်တွေရသလို စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ သင်မသိတဲ့နေရာကလူတွေကို လမ်းကြောင်းမသိလို့ အကူအညီတောင်းရတာ၊ သွားလာဖို့အချိန်တွက်ချက်ရတာ၊ ရာသီဥတုအခြေအနေအပြင် သင့်ကိုယ်သင် ကျန်းမာရေးဂရုစိုက်ရတာ စသဖြင့် သင့်ရဲ့စီမံခန့်ခွဲနိုင်မှုအရည်အချင်းတွေကိုတိုးစေတာကြောင့် ကိုယ့်ကိုယ်ကိုယုံကြည်မှုပိုမြင့်စေပါတယ်။
(၄) ကောင်းတဲ့ အမှတ်တရတွေဖန်တီးနိုင်တယ်
Source : Freepik
နောက်တချက်ကတော့ သင့်ဘဝရဲ့ကောင်းတဲ့အမှတ်တရတော်တော်များများကို ခရီးသွားခြင်းကနေရနိုင်ပါ တယ်။ သင့်ရဲ့ဓါတ်ပုံအယ်လ်ဘမ်ကိုပြန်ကြည့်တိုင်း သင့်မိသားစု၊ သူငယ်ချင်းတွေနဲ့အတူတူခရီးသွားခဲ့တဲ့ အမှတ်တရတွေက သင့်ကိုပြုံးမိစေမှာပါ။ ဒီမြတ်နိုးစရာအမှတ်တရတွေကို သင့်ကလေးတွေလဲပြန်ပြောပြလို့ရပါတယ်။
(၅) ကျန်းမာရေးကောင်းစေတယ်
Source : Freepik
ခရီးသွားခြင်းက သင့်ကိုကျန်းမာရေးအတွက်လဲအထောက်အကူပြုပါတယ်။ ခရီးသွားတဲ့အခါ သဘာဝပတ်ဝန်းကျင်နဲ့ထိတွေ့မှု များစေတယ်။ နေရောင်ခြည်နဲ့ထိတွေ့ရတဲ့အတွက် ဗီတာမင်ဒီဓါတ်ရရှိစေတယ်။ လေကောင်းလေသန့်ရှုရှိုက်ရတဲ့အခါ စိတ်ခံစားချက်ကိုလဲကောင်းစေပါတယ်။ နောက်ဆုံးတခုကတော့ ရယ်မောခြင်းပါ ခရီးသွားခြင်းကရတဲ့ ရယ်မောခြင်းက လူတွေအတွက်အကောင်းဆုံးဆေးတခွက်ပါပဲ။
ကဲခရီးသွားခြင်းရဲ့ကောင်းကျိုးတွေသိပြီဆိုရင် ကိုဗစ်ကပ်ရောဂါကြီးပြီးသွားတဲ့အခါ ပျော်ပျော်ရွှင်ရွှင်ခရီးတွေထွက်ဖို့ အခုထဲကပြင်ဆင်ထားလိုက်တော့နော်။