အသားအရေနုပျိုခြင်းကို နှစ်သက်လားလို့မေးရင် လူတိုင်းနှစ်သက်တယ်လို့ပဲဖြေကြပါလိမ့်မယ်။ အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ အသားအရေနုပျိုပြီး ငယ်ရွယ်တဲ့အသွင်ကို လိုချင်ကြသူချည်းပါ။ ဒါ့ကြောင့် ဒီနေ့ဆောင်းပါးလေးမှာတော့ အသားအရေနုပျိုခြင်းအတွက် အထောက်အကူဖြစ်စေပြီး ငယ်ရွယ်တဲ့အသွင်ကိုဆောင်စေနိုင်မယ့် အစားအသောက်တွေအကြောင်း တင်ဆက်ပေးချင်ပါတယ်။

(၁) ကန်စွန်းဥ

ကန်စွန်းဥမှာ beta-carotenes နဲ့ ဗီတာမင် A ဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ၎င်းအာဟာရဓာတ်တွေက အရေပြားဆဲလ်များပျက်စီးမှုကိုလျော့နည်းစေပြီး အသားအရေကို နုပျိုလန်းဆန်းစေနိုင်ပါတယ်။

(၂) ထောပတ်သီး

ထောပတ်သီးမှာ အသားအရေကို သဘာဝအတိုင်း အစိုဓာတ်ဖြည့်တင်းပေးနိုင်တဲ့ ဗီတာမင် E နဲ့ အသားအရေခြောက်သွေ့ခြင်းကို တားဆီးပေးနိုင်တဲ့ ကျန်းမာတဲ့အဆီဓာတ်များပါဝင် ပါတယ်။ အိုမင်းခြင်းလက္ခဏာများကို တိုက်ဖျက်ပေးတဲ့ detoxifying ဒြပ်ပေါင်းများလည်းကြွယ်ဝစွာပါဝင်တာကြောင့် အသားအရေ အတွင်းပိုင်းနှင့် အပြင်ကိုပါ အာဟာရဓာတ်များထောက်ပံ့ပေးမှာဖြစ်ပါတယ်။

(၃) Green Tea

အိုမင်းရင့်ရော်ခြင်းကို တိုက်ဖျက်ပေးနိုင်တဲ့ အကောင်းဆုံးသောက်စရာတစ်မျိုးကတော့ လက်ဖက်စိမ်း (Green tea) ဖြစ်ပါတယ်။ Green tea ဟာအရေပြားဆဲလ်များကို ကျန်းမာစေတဲ့ antioxidants များ အမြောက်အများပါဝင်တဲ့အပြင် အသားအရေကို သဘာဝအတိုင်းရေဓာတ်ဖြည့်တင်းပေးတာကြောင့် နေ့စဉ်ပုံမှန် Green tea တစ်ခွက်သောက်သုံးပေးမယ်ဆိုရင် နုပျိုကျန်းမာတဲ့ အသားအရေကိုရစေမှာပါ။

(၄) အုန်းဆီ

အုန်းသီးဟာ ခန္ဓာကိုယ်အတွက်အာဟာရဖြည့်ပေးတဲ့ ကောင်းမွန်တဲ့ သဘာဝဆီတစ်မျိုးပါ။ အုန်းဆီကို ဦးရေပြားနဲ့ အရေပြားအပေါ်မှာ တိုက်ရိုက်လိမ်းပေးခြင်းဖြင့် ဦးရေပြားနဲ့ ဆံသားကျန်းမာရေးကောင်းမွန်စေပြီး အသားအရေမှာဆိုရင်လည်း အရေးအကြောင်းများနဲ့ အရေပြားဆဲလ်အသေများကို ဖယ်ရှားပေးပါတယ်။ ချက်ပြုတ်ရာမှာအသုံးပြုမယ်ဆိုရင်လည်း အိုမင်းခြင်းဖြစ်စဉ်ကိုနှေးကွေးစေပြီး စိတ်ဖိစီးမှုတွေကို လျော့ကျသက်သာစေနိုင်ပါတယ်။

(၅) ငါး

ကယ်လီဖိုးနီးယားတက္ကသိုလ်မှ သုတေသီများရဲ့လေ့လာမှုအရ Omega-3 လို့ခေါ်တဲ့ကျန်းမာတဲ့အဆီဓာတ်ကြွယ်ဝတဲ့ ငါးတွေဟာ အသားအရေကျန်းမာရေးအတွက် များစွာအထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ကျန်းမာသောအဆီဓာတ်က နေရောင်ခြည်ဒဏ်မှကာကွယ်ပေးပြီး အသားအရေကို ပိုမိုကောင်းမွန်စေဖို့ကူညီပေးပါတယ်။ ဒါ့ကြောင့် ဆော်လမွန် ၊ တူနာကဲ့သို့ ငါးတွေကိုလည်း စားသုံးပေးဖို့လိုအပ်ပါတယ်။

(၆) အရိုးစွပ်ပြုတ်

ကြက်အရိုး ၊ အမဲအရိုး နှင့် ငါးစွတ်ပြုတ်ဟင်းရည်တွေဟာ အိုမင်းရင့်ရော်ခြင်းကိုဆန့်ကျင်ပြီး အသားအရေအတွက် ကောင်းမွန်စေတဲ့ ကော်လာဂျင်ဓာတ်များစွာကို ပေးစွမ်းပါတယ်။ ကော်လာဂျင်ဓာတ်ဟာ အရေးအကြောင်းများဖြစ်ပေါ်ခြင်းကိုလျှော့ချပေးပြီး အရေပြားကျန်းမာရေးကို တိုးတက်ကောင်းမွန်စေကာ ကျန်းမာနုပျိုတဲ့အသွင်ကိုရရှိပိုင်ဆိုင်စေမှာပဲဖြစ်ပါတယ်။