မျက်နှာသွင်ပြင်ကို ဖျက်ဆီးတဲ့အရာတွေထဲမှာ အများဆုံးတွေ့ရတာက ဝက်ခြံတွေပဲ ဖြစ်ပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဝက်ခြံပြဿနာကို အများဆုံးကြုံရလေ့ ရှိပါတယ်။ ဝက်ခြံရဲ့ နောက်ဆက်တွဲ အမာရွတ်တွေဟာ အသက်ကြီးတဲ့အထိ ရုပ်အဆင်းကို ထိခိုက်နိုင်တာ ဖြစ်လို့ ဝက်ခြံမပေါက်အောင် ကြိုပြီးကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေ ညွှန်းလိုက်ပါတယ်။
(၁) တစ်နေ့နှစ်ကြိမ် မျက်နှာသစ်ပါ

Photo; Freepik
Cleanser အပျော့စားနဲ့ ရေနွေးနွေး သုံးပြီး တစ်ရက်ကို နှစ်ကြိမ် မျက်နှာသစ်ပေးပါ။ အကြိမ်ရေ အများကြီးလည်း မသစ်မိဖို့ လိုပါတယ်။ မျက်နှာကို တစ်ရက် ၄-၅ ခါ သစ်မယ်ဆိုရင် အသားအရေ ခြောက်သွားစေနိုင်လို့ ဖြစ်ပါတယ်။ ခြောက်နေတဲ့ Skin ဟာ ဝက်ခြံ ပေါက်လာရင် ပိုပြီး အခြေအနေ ဆိုးသွားစေနိုင်ပါတယ်။
(၂) မျက်နှာနဲ့ ထိတွေ့တဲ့ အရာတိုင်းကို သန့်ရှင်းထားပါ

Photo: Freepik
မျက်နှာကို လက်နဲ့ ခဏခဏ ထိမိတာမျိုးရှောင်ပါ။ မျက်နှာနဲ့ ထိတွေ့မှု ရှိတဲ့ ခေါင်းအုံး ၊ စောင် ၊ ဖုန်းမှန်ပြင်နဲ့ လက်တွေကိုလည်း အမြဲတမ်း သန့်ရှင်းရေး လုပ်ပေးဖို့ လိုပါတယ်။ ဒီလိုမျိုး မျက်နှာနဲ့ ပုံမှန်ထိတွေ့နေကျအရာတွေကို သန့်ရှင်းအောင် ထားခြင်းအားဖြင့် ဝက်ခြံမဖြစ်လာအောင် ကာကွယ်ရာမှာ ထိရောက်မှု ရှိမှာ ဖြစ်ပါတယ်။
(၃) Scrub လုပ်တာ ရှောင်ပါ

Photo: Freepik
ကိုယ့်အသားအရေက ဝက်ခြံပေါက်လွယ်တဲ့ အသားအရေမျိုးဆိုရင် Face Scrub လုပ်တာမျိုး ရှောင်သင့်ပါတယ်။ ရိုးရိုး မျက်နှာသစ်ပေးတာနဲ့တင် လုံလောက်ပါတယ်။နောက်တစ်ခုက ကိုယ်က ဆံပင်အရှည်ထားတဲ့သူဆိုရင်လည်း ခေါင်း ပုံမှန်လျှော်ပေးပါ။ ဆံပင်မှာ သုံးတဲ့ Gel နဲ့ Sprays တွေက မျက်နှာကို တိုက်ရိုက်မထိအောင်လည်း ဂရုစိုက်ပေးဖို့ လိုပါတယ်။
(၄) ကိုယ်အလေးချိန် မှန်ပါစေ

Photo: Freepik
ဝက်ခြံအဖြစ်နည်းစေဖို့ ကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိအောင် ထားဖို့လည်း တိုက်တွန်းမှုတွေ ရှိပါတယ်။ အဝလွန်ခြင်းဟာ နှလုံးနဲ့ ကင်ဆာလို ရောဂါဆိုးကြီးတွေအပြင် ဝက်ခြံကိုလ်း ပိုဆိုးရွားစေနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် အစားအသောက်မှန်ပါစေ ၊ သကြားဓါတ်အစားလျှော့ပြီး အားကစားများများ လုပ်ပါလို့ တိုက်တွန်းချင်ပါတယ်။
(၅) ဆေးလိပ်ရှောင်ပါ

Photo: Freepik
ဆေးလိပ်သောက်ခြင်းဟာ ဝက်ခြံဖြစ်စေနိုင်တယ်လို့ အီတလီနိုင်ငံ San Gallicano အရေပြားဆိုင်ရာလေ့လာရေးအဖွဲ့အစည်းက တွေ့ရှထားပါတယ်။ ဆေးလိပ်သောက်ခြင်းဟာ ဝက်ခြံကို ပိုပြီး ဆိုးစေနိုင်တာကတော့ အားလုံးပဲ သိကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးလိပ်ရှောင်ပါ။
နောက်တစ်ခုက လေထုညစ်ညမ်းခြင်းကလည်း အရေပြားကို ထိခိုက်စေနိုင်တာ ဖြစ်လို့ မီးခိုးမြူတွေ ၊ ဓါတုပစ္စည်းနဲ့ အဆိပ်သင့်လေတွေ မထိအောင် တတ်နိုင်သမျှလည်း ရှောင်ရှားသင့်ပါတယ်။
