ကိုယ်အလေးချိန်က လူတစ်ယောက်ရဲ့ကျန်းမာရေးအပေါ်များစွာ အကျိုးသက်ရောက်မှုရှိပါတယ်။ Stay Home ကာလမှာ လှုပ်ရှားမှုနည်းပြီး ကိုယ်အလေးချိန်အရမ်းတက်လာမယ်ဆိုရင် နောက်တွဲအနေနဲ့ သင့်ကျန်းမာရေးအပေါ် ဆိုးကျိုးတွေ သက်ရောက်မှုရှိလာစေနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးကနေ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ဖို့ လိုက်နာသင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

(၁) ကယ်လိုရီတွက်စားပါ

Source : Healthifyme

ကယ်လိုရီပါဝင်တဲ့အစားအစာတွေက ကိုယ်အလေးချိန်တိုးလာစေတယ်ဆိုတာ မှန်သော်လည်း လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ နေ့စဉ်လိုအပ်တဲ့ ကယ်လိုရီပမာဏဆိုတာရှိပါတယ်။ လေ့လာမှုတွေအရတော့ အရွယ်ရောက်ပြီးသားအမျိုးသားတစ်ယောက်အတွက် တစ်နေ့တာမှာ ကယ်လိုရီ ၁၂၀၀ ခန့် အနည်းဆုံးစားပေးဖို့လိုအပ်ပါတယ်။ ဒါ့ကြောင့် နေ့စဉ်စားသုံးတဲ့အစားအစာတွေမှာ ကယ်လိုရီပမာဏကို တွက်ချက်ပြီး စားပေးသင့်ပါတယ်။

(၂) အချိန်မှန်စားပါ

Source : Adobe Stock

ကျန်းမာတဲ့ကိုယ်အလေးချိန်ရဖို့ဆိုရင် မနက်စာ နေ့လည်စာ ညစာကိုလည်း အချိန်မှန်မှန်စားပေးဖို့လိုအပ်ပါတယ်။ မနက်စာကိုမစားဘဲကျော်သွားလိုက်မယ်ဆိုရင် ဆာလောင်မှုကိုပိုဖြစ်စေပြီး နေ့လည်မှာအလွန်အမင်း စားလိုက်မိတာမျိုးတွေဖြစ်စေနိုင်ပါတယ်။ မနက်စာက တနေ့တာလုံးအတွက် စွမ်းအင်ကိုထောက်ပံ့ပေးတာကြောင့် မနက်စာကို မစားပဲမနေပါနဲ့။ ထို့အတူ နေ့လည်စာ နဲ့ ညစာကိုလည်း အချိန်မှန်စားပေးပါ။

(၃) စိတ်ဖိစီးမှုလျော့ချပါ

Source : HelpGuide

စိတ်ဖိစီးမှုဟော်မုန်းတွေမြင့်တက်လာခြင်းက အစားစားချင်စိတ်ကို ပိုဖြစ်စေနိုင်ပါတယ်။ ပုံမှန်အားဖြင့် စိတ်ဖိစီးမှုများနေချိန်မှာ ခန္ဓာကိုယ်မှ သကြားဓာတ်ပိုမိုတောင်းတလေ့ရှိတာကြောင့် အချိုမုန့်တွေ အအေးတွေနဲ့ သကြားပါဝင်မှုများတဲ့အစားအစာတွေကို စားမိနိုင်ပါတယ်။ စိတ်ဖိစီးမှုတွေက သင့်ခန္ဓာကိုယ်ကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်တာကြောင့် အတက်နိုင်ဆုံးစိတ်ဖိစီးမှုနည်းအောင်နေသင့်ပါတယ်။

(၄) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

Source : Men’s Health

ကိုယ်အလေးချိန်ထိန်းထားဖို့အတွက် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ လုပ်ဖို့မလိုပါဘူး။ တနေ့တာမှာ အနည်းဆုံး အချိန်နာရီဝက်လောက် ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်သွားရင် လုံလောက်ပါတယ်။ လမ်းလျောက်ခြင်း စက်ဘီးနင်းခြင်း ပြေးခြင်း စတဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေကို နေ့စဉ်ပုံမှန်ပြုလုပ်သွားမယ်ဆိုရင် သင့်တင့်မျှတဲ့ ကိုယ်အလေးချိန်ကိုထိန်းထားနိုင်ပြီး ကျန်းမာကြံ့ခိုင်လာမှာဖြစ်သလို စိတ်ဖိစီးမှုတွေလည်းလျော့နည်းလာပါလိမ့်မယ်။

(၅) ကိုယ်တိုင်ချက်ပြုတ်စားပါ

Source : Parkside Success

အပြင်စာတွေဝယ်စားရတာဟာ အချိန်ကုန်လူပင်ပန်းသက်သာတယ် အရသာရှိတယ်ဆိုပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်မှုရှိမရှိကို အပြည့်အဝအာမခံချက်မပေးနိုင်ပါဘူး။ အပြင်စာတွေမှာသုံးတဲ့ ပါဝင်ပစ္စည်းတွေရဲ့လက်ဆတ်မှု သုံးတဲ့ဆီ အချိုမှုန့် ဟင်းခတ်မှုန့်တွေရဲ့ပမဏ ဒါတွေကိုသိနိုင်ဖို့မလွယ်ပါဘူး။ နောက်ပြီးလူကြိုက်များတဲ့ junk food တွေ ဆီကြော်တွေက သင့်ကိုအဝလွန်ခြင်းအတွက် ဦးတည်ပေးနေတဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးနဲ့ ညီညွတ်ပြီး သန့်ရှင်းလက်ဆတ်မှုရှိတဲ့အစားအစာတွေကို ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပြီး စားသင့်တာပါ။ အသား ငါး ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို စုံစုံလင်လင် ကိုယ်တိုင်အရသာရှိအောင်ပြင်ဆင်ပြီးစားဖို့ အကြံပြုချင်ပါတယ်။