အစာစားနေစဉ်မှာ ရေသောက်လိုက်ရင် အချဉ်ဓာတ်ကို လျော့ကျစေပြီး အစာမကြေတာတွေဖြစ်ကာ ပိုဝလာတက်တယ်လို့ လူအများကယူဆထားကြပါတယ်။ ဒီအယူအဆက မှန်လား မမှန်ဘူးလားဆိုတာကို kwee page ကရှင်းပြပေးသွားမှာပါ။
အစာအိမ်ထဲက ရေနဲ့အစာတွေရဲ့ အခြေအနေ

အစာအိမ်အလုပ်လုပ်ပုံကို အရင်ကြည့်ရအောင်။ အစာကိုဝါးလိုက်ပြီဆိုတာနဲ့ ခံတွင်းထဲက တံတွေးဂလင်းတွေကနေ တံတွေးရည်တွေ ထုတ်ပေးပြီး အစာကို ပျော့ညက်စေပါတယ်။ ဒီတံတွေးရည်မှာ အစာကိုချေဖျက်ဖို့အတွက် လိုအပ်တဲ့ အင်ဇိုင်းတွေပါဝင်တယ်။ အစာတွေဟာ အစာအိမ်ထဲကို ရောက်ပြီး အက်ဆစ်ရည်နဲ့ ထပ်ပြီးရောနှောသွားပြန့်သွားပါတယ်။ ဒီအစာကို အရည်ဖြစ်အောင် ချေဖျက်ဖို့ အစာအိမ်က (၄) နာရီကြာအချိန်ယူရပါတယ်။ ချေဖျက်ပြီးအစာတွေ အူလမ်းကြောင်းထဲရောက်ချိန်မှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်ကို ထုတ်ပေးပါတယ်။
ဒါပေမယ့်ရေကတော့ ဒီလိုမဟုတ်ပါဘူး။ ရေ (၁၀) အောင်စ ပမာဏဟာ အစာအိမ်ထဲမှာ (၁၀) မိနစ်ထက် ပိုမနေပါဘူး။ ဒါကြောင့် အစာစားနေတုန်း ရေသောက်တာဟာ အစာအိမ်ထဲမှာ ရေလှောင်ကန်ကြီးလို ဖြစ်မသွားစေပါဘူး။ ရေက ဝါးထားတဲ့အစာတွေကို လျင်လျင်မြန်မြန်ပဲ ဖြတ်ပြီး အစာအိမ်ဆီကို ရောက်သွားမယ်။ ရေဓာတ်ဖြည့်ပေးပြီး အစာအိမ်ကနေ ချက်ချင်းထွက်ပါတယ်။
ရေဟာ အစာအိမ်ထဲက အက်ဆစ်ဓာတ်တွေကို လျှော့ကျမသွားစေဘူး

ကျွန်တော်တို့ရဲ့ အစာအိမ်ထဲက အက်ဆစ်ဓာတ်ဟာ ရေသောက်တာကြောင့် အစာချေဖျက်ပေးဖို့ အက်ဆစ်ဓာတ်လျော့သွားတယ် ဆိုတာမျိုးလည်း မရှိပါဘူး။ အစာတစ်ခုခုကို ချေဖျက်ဖို့ခက်လာရင် အင်ဇိုင်းတွေ ပိုထုတ်ပါတယ်။ အက်ဆစ်ဓာတ်ကို ပိုထုတ်တယ်။ ဒါက အလိုအလျောက်စနစ်ပါပဲ။ သဘောကတော့ ရေဂါလံဝက်လောက်သောက်လည်း အစာခြေဖို့အက်ဆစ်ဓာတ် မလျော့သွားပါဘူး။ ဒါကြောင့်ရေမှာ အစာချေဖျက်နှုန်းကို နှေးကွေးစေတဲ့ သက်ရောက်မှုရှိမနေပါဘူး။
Source: Bright Side
