မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ပက်ထရစ်အီဗရာနဲ့ ချယ်ဆီးတိုက်စစ်မှူးဟောင်း ဟက်ဆဲဘိန့်ခ်တို့ဟာ မန်ချက်စတာယူနိုက်တက်အသင်းက ဗန်ဒီဘိခ်ကို ခေါ်ယူဖို့ မလိုအပ်ခဲ့ဘူးဆိုတဲ့ကိစ္စမှာ သဘောတူညီခဲ့ကြတယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နွေရာသီတလျှောက်လုံး ဒေါ့မွန်တောင်ပံကြယ်ပွင့် ဆန်ချိုကို ခေါ်ယူဖို့အတွက် အပြင်းအထန်ကြိုးပမ်းခဲ့ပေမယ့် ခေါ်ဖို့ မတတ်နိုင်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်းသိလာရပြီးနောက်မှာ ဗန်ဒီဘိခ်ကိုပဲ ခေါ်ယူလိုက်တာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ အေဂျက်အသင်းကနေ ဗန်ဒီဘိခ်ကို ခေါ်ယူဖို့အတွက် ပေါင်သန်း ၄၀ သုံးစွဲခဲ့ရပြီး ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်၊ ပေါ့ဂ်ဘာတို့နဲ့အပြိုင် ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်စေခဲ့တာဖြစ်ပါတယ်။

Photo: Mirror

ဗန်ဒီဘိခ်ဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ ၄ ပွဲအထိ ပါဝင်ကစားပေးထားပြီးဖြစ်ပေမယ့် ၄ ပွဲစလုံးကို အရန်ခုံကနေသာ ဝင်ရောက်ကစားခဲ့ရတာဖြစ်ပြီး ယူနိုက်တက်အတွက် တစ်ပွဲမှ ပွဲထွက်ပါဝင်ကစားပေးရခြင်းမရှိသေးတာဖြစ်ပါတယ်။ Sky Sports မှာ ကစားသမားခေါ်ယူမှုနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ရာမှာ ယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား အီဗရာက “ကျွန်တော်တို့ ဗန်ဒီဘိခ်အကြောင်း ပြောနေကြတာ။ ဘာကြောင့် ကျွန်တော်တို့ သူ့ကို ဝယ်ခဲ့တာလဲ”

“ကျွန်တော် ကလေးတွေကို ဆန့်ကျင်စရာ ဘာမှမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဗန်ဒီဘိခ်ကို ဘာလို့ ဝယ်ခဲ့တာလဲသူ ပွဲတိုင်း ပွဲကြည့်စင်ကနေ ထိုင်ကြည့်နေတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သူ့ကို မလိုလို့ပဲ။ ဒါက အမှန်တရားပဲ။ ဒါပေမယ့် လူတွေက အဲဒါကို ကျယ်ကျယ်ပြောမှာမဟုတ်ဘူး”လို့ ပြောကြားခဲ့ပါတယ်။

Photo: Mirror

“သိပ်ဟုတ်တာပေါ့ဗျာ။ သူက အေဂျက်မှာရှိကတည်းက ကျွန်တော် ကောင်းကောင်းသိတဲ့ကစားသမားပါ။ သူက ဖာနန်ဒက်စ် ဒါမှမဟုတ် ပေါ့ဂ်ဘာတို့ရဲ့ နေရာမှာ ကစားရမယ့်ကစားသမားပါ အဲဒီတော့ သူက ဖာနန်ဒက်စ်လိုမျိုးပဲ ပင်နယ်တီဧရိယာထဲကို ဝင်ပြီး ဂိုးသွင်းယူ၊ ဒါမှမဟုတ် ဖန်တီးပေးတဲ့နေရာမှာ အားကောင်းတဲ့ ကွင်းလယ်တိုက်စစ်ကစားသမားပါ။ ပြီးတော့ သူ ဖာနန်ဒက်စ်နဲ့ ယှဉ်ပြိုင်ရမယ်ဆိုရင် သူ ကစားရမှာမဟုတ်ပါဘူး။ သူ ကစားရပါ့မလား”လို့ ဟက်ဆဲဘိန့်ခ်က မေးခွန်းထုတ်ခဲ့ပါတယ်။

“သူ ကစားခွင့်ရနိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် ဆိုလိုချင်တာက အမှားကတော့ လုပ်ပြီးသွားပြီ။ အဲဒီတော့ ကျွန်တော်တို့ အဲဒီကိစ္စကို ပြောနေလည်း အလကားပဲ။ အဲဒီတော့ ကျွန်တော် ပွဲကစားနေရတဲ့ ကစားသမားတွေအကြောင်းပဲ ပြောချင်တယ်”လို့ အီဗရာက တုံ့ပြန်ပြောကြားခဲ့ပါတယ်။