ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ဘတ်ပီက ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ် အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်ကိုရှုံးနိမ့်ခဲ့တာကနေ ပြန်လာမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းဟာ အံ့အားသင့်ဖွယ်ကောင်းစွာနဲ့ အိမ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်ကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ စိတ်ပျက်စရာကစားပုံကြောင့် ဝေဖန်မှုတွေခံခဲ့ရပေမယ့်လည်း ရှုံးကြွေးပြန်ဆပ်ဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ဘတ်ပီက ကြုံးဝါးခဲ့တာဖြစ်ပါတယ်။

Photo: teamtalk
“အုပ်စုအဆင့်ပထမဆုံးပွဲကိုရှုံးတာ ဒါက ပထမအကြိမ်မဟုတ်ပါဘူး။ ဘယ်လိုတုံ့ပြန်ရမလဲဆိုတာ ကျွန်တော်တို့သိပါတယ်။ ပွဲတွေက လျင်လျင်မြန်မြန်ပြီးသွားခဲ့ပြီး ကျွန်တော်တို့အနေနဲ့ အသင်းအတွက် ဂုဏ်ယူရဖို့ အစ္စတန်ဘူလ်မှာ နိုင်ပွဲရအောင် ကြိုးစားသွားမှာပါ။ ပွဲအားလုံးက အရေးကြီးပါတယ်။ ဒါပေမယ့် ၃ ရက်တိုင်း တစ်ပွဲကစားရတဲ့အခါ ပြိုင်ပွဲကြီးဖြစ်နေရင် ပိုပြီးတော့ခက်ခဲပါတယ်”
ရာသီအစဟာ ဒဏ်ရာပြဿနာတွေ၊ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုတွေ ခံခဲ့ရတဲ့ ပီအက်စ်ဂျီအတွက် စိန်ခေါ်မှုကြီးမားခဲ့သလို ခက်ခဲခဲ့ကြောင်း ဘတ်ပီက ဝန်ခံပြောကြားသွားခဲ့ပါတယ်။
“ရုပ်ပိုင်းဆိုင်ပိုင်အရ ရာသီအစက ခက်ခဲခဲ့ပါတယ်။ ကျွန်တော်တို့မှာပြင်ဆင်ချိန်မရှိခဲ့ပါဘူး။ ဩဂုတ်လကုန်မှာဖိုင်နယ်ပွဲကနေ ပြန်လာခဲ့ပြီးတော့ နိုင်ငံပွဲတွေ ကစားရတယ်။ တခြားလူတွေလည်း ကိုဗစ်ကူးခံခဲ့ရတယ်။ တကယ့်ကိုခက်ခဲတဲ့နှစ်ပါပဲ။ ရာသီသစ်မဟုတ်ပဲ မနှစ်ကရာသီကို ဆက်ကစားနေရသလိုခံစားရပါတယ်။ ကျွန်တော်တို့ ရာသီရဲ့ ပွဲ ၆ဝမြောက် ပွဲစဉ်ကို ကစားနေရပါတယ်။ ရာသီသစ်ရဲ့ ၉ ပွဲမြောက် ပွဲစဉ်မဟုတ်ပါဘူး။ ”

Photo : Evening Standard
“ပုံမှန်ဆိုရင် ချန်ပီယံလိဂ်ဖိုင်နယ်ပြီးရင် ရှုံးရှုံးနိုင်နိုင် အားလပ်ရက်ရတယ်။ ဒါမှမဟုတ် နိုင်ငံပွဲပြီးရင် အားလပ်ရက်ပေါ့။ ဘာပဲဖြစ်ဖြစ် အနားယူရတာပါပဲ။ အားပြန်ဖြည့်ရတယ်လေ။ ဒါမှ ရာသီသစ်အတွက် ကောင်းကောင်းပြင်ဆင်နိုင်မှာပါ။ အခု ကျွန်တော်တို့က ဖိုင်နယ်မှာ ရှုံးပြီးပြန်လာကတည်းက တစ်ပွဲပြီးတစ်ပွဲ ဆက်ကစားခဲ့ရတယ်။ ကျွန်တော်က ကစားရတာကိုသဘောကျတယ်။ ဘောလုံးအားကစားကိုချစ်တယ်။ ကွင်းထဲမှာ နေရတာကိုပျော်တာကြောင့် ဘယ်လောက်ကစားရပါစေ စောဒကတက်မှာမဟုတ်ပါဘူး။ အခုပြောနေတာက စောဒကတက်နေတာမဟုတ်ပဲ အခြေအနေကိုရှင်းပြနေတာပါ”လို့ ပြောကြားခဲ့ပါတယ်။
