ညဘက်မှာကောင်းစွာအိပ်ပျော်နိုင်တာကလည်း ကံကောင်းခြင်းတမျိုးပဲလို့ ပြောကြပါတယ်။ ဟုတ်ပါတယ် ယနေ့ခေတ်လူအများစုက ညဘက်အိပ်မပျော်တဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်နေကြရပြီး ကောင်းကောင်းအိပ်ပျော်တဲ့သူတွေဆိုရင် အားကျတယ်လို့ပြောလာတဲ့ အထိပါပဲ။ ဒီဆောင်းပါးလေးမှာတော့ လူတိုင်းလူတိုင်းအတွက် ကောင်းစွာအိပ်ပျော်နိုင်ဖို့ လိုက်ရမယ့် အထိရောက်ဆုံး စည်းမျဉ်းစည်းကမ်းလေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) သောက်စရာတွေကိုသတိပြုပါ

Source : Shutterstock
အိပ်ရာမဝင်ခင် သို့မဟုတ် အိပ်ချိန်နဲ့နီးမှ ကော်ဖီသောက်တာ အရက်ဘီယာသောက်သုံးတာမျိုးတွေ လုံးဝရှောင်ကျဉ်သင့်ပါတယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖိန်းဓာတ် နဲ့ အရက်တွေမှာပါဝင်တဲ့ အယ်လ်ကိုဟောဓာတ်တွေက သင့်ရဲ့အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒီအစား နွားနို့ပူပူလေးတစ်ခွက် သို့မဟုတ် Green Tea တစ်ခွက်သောက်သုံးပေးပါ။
(၂) စိတ်ဖိစီးစရာတွေ လွှတ်ချထားပါ

Source : Shutterstock
စိတ်ဖိစီးစေတဲ့ အတွေးတွေက သင့်ကိုကောင်းစွာအိပ်ပျော်စေနိုင်မှာ မဟုတ်ပါဘူး။ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်ခြင်းတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှသာ ကောင်းမွန်တဲ့အိပ်စက်ခြင်းကို ရစေမှာပါ။ ဒါ့ကြောင့်အတက်နိုင်ဆုံး အိပ်ရာထဲရောက်ပြီဆိုတာနဲ့ အတွေးတွေကို လွှတ်ချထားလိုက်ပါ။ အကယ်၍စိတ်ဖိစီးမှုတွေက ကြီးစိုးထားတယ်ဆိုရင် စာအုပ်မှာချရေးလိုက်တာမျိုး လုပ်ပေးပါ။ ကောင်းစွာအိပ်ပျော်သွားပါလိမ့်မယ်။
(၃) အိပ်ရာထဲကို နည်းပညာပစ္စည်းတွေ သယ်မလာပါနဲ့

Source : Shutterstock
အိပ်ရာထဲအထိ ဖုန်းတွေ လက်တော့တွေ ကဲ့သို့ နည်းပညာ ပစ္စည်းတွေယူလာခြင်း အသုံးပြုနေခြင်းဟာ သင့်ကိုဘယ်နည်းနဲ့မှ အိပ်ပျော်စေနိုင်မှာမဟုတ်ပါဘူး။ နည်းပညာပစ္စည်းတွေကထွက်တဲ့ အပြာရောင်အလင်းတန်းတွေက သင့်ရဲ့ဦးနှောက်ကိုလန်းဆန်းစေနိုင်ပြီး အိပ်ပျော်ရခက်စေပါတယ်။ အကောင်းဆုံးကတော့ အိပ်ရာမဝင်ခင် ၂ နာရီလောက်အလိုကတည်းက ဖုန်းတွေလက်တော့တွေ အသုံးပြုခြင်းကို ရပ်တန့်ထားသင့်ပါတယ်။
(၄) နေ့စဉ်ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ပါ

Source : Shutterstock
တစ်ရက်ကိုအနည်းဆုံး နာရီဝက်လောက်ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးတာက သင့်ရဲ့ အိပ်စက်မှုအရည်အသွေးကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းပုံမှန်လုပ်သူတွေဟာ လေ့ကျင့်ခန်းမလုပ်သူတွေထက် ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်လေ့ရှိကြပါတယ်။ သို့သော် အိပ်ရာဝင်ချိန်နဲ့ နီးကပ်မှ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာကိုတော့ ရှောင်ပါ။
(၅) သီချင်းသံတိုးတိုးလေးဖွင့်ထားပါ

Source : Shutterstock
သာယာငြိမ်းငြောင်းမှုရှိတဲ့ ဂီတသံစဉ်တွေက သင့်ရဲ့စိတ်ကိုအကောင်းဆုံးအပန်းပြေစေပြီး အမြန်ဆုံးအိပ်မောကျစေဖို့ ကူညီပေးနိုင်ပါတယ်။ အိပ်စက်ခြင်းဆိုင်ရာသုတေသနပညာရှင်တွေကလည်း အိပ်ရာဝင်ချိန်မှာ ငြိမ်းငြောင်းမှုရှိတဲ့ သီချင်းသံစဉ်လေးတွေကို ခပ်တိုးတိုးဖွင့်ထားခြင်းက ကောင်းစွာအိပ်ပျော်စေနိုင်တဲ့ သဘာဝနည်းလမ်းတစ်ခုဖြစ်တယ်လို့ လမ်းညွှန်ထားပါတယ်။ ဒါကြောင့် သင့်အခန်းထဲမှာ ဂီတသံစဉ်လေးတွေခပ်တိုးတိုး ဖွင့်ထားပြီး အိပ်ရာဝင်ကြည့်ပါ။
