Covid-19 ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) မှကောက်ယူထားတဲ့ စစ်တမ်းတွေအရ အမေရိကန်နိုင်ငံရှိ အရွယ်ရောက်ပြီးသူ ၃၆.၁% ဟာ Coronavirus ကူးစက်ရောဂါကြောင့် စိတ်ဖိစီးမှုများခြင်း ၊ စိုးရိမ်ပူပန်မှုများခြင်း နှင့် စိတ်ကျခြင်းလက္ခဏာတွေကို ခံစားနေရကြပါတယ်။ ကမ္ဘာတစ်ဝှမ်းက လူအများစုမှာလည်း Covid-19 ကာလအတွင်းစိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကြုံတွေ့နေကြရပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာတော့ Covid-19 ကာလအတွင်း စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်ပြီး အကောင်းမြင်စိတ်တိုးပွားလာစေနိုင်တဲ့ နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ

Source : Shutterstock
လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်းက သင့်ရဲ့စိတ်နေစိတ်ထားနှင့် စိတ်ကျန်းမာရေးကို တိုးတက်စေခြင်း ၊ ကောင်းစွာအိပ်ပျော်စေခြင်း ၊ အာရုံစူးစိုက်မှုကောင်းမွန်စေခြင်း ၊ အခြားသော ကျန်းမာရေးပြဿနာ အန္တရာယ်တွေလျော့နည်းစေခြင်း စတဲ့ကောင်းကျိုးတွေပေးပါတယ်။ endorphins လို့ခေါ်တဲ့ပျော်ရွှင်မှုဟော်မုန်းဓာတ်တွေလည်း တိုးပွားစေပြီး တနေ့တာမှာ စိုးရိမ်ပူပန်မှုများနဲ့ စိတ်အာရုံပျံ့လွင့်နေမှုများကို လျော့နည်းစေကာ စိတ်ခံစားမှုပိုမိုကောင်းမွန်လာစေမှာဖြစ်ပါတယ်။
(၂) ခန္ဓာကိုယ်ကို အနားပေးပါ

Source : Shutterstock
လေ့လာမှုများအရ အားလပ်ချိန်တွေကို ကောင်းစွာအနားယူဖြတ်သန်းခြင်းက ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပြီး အကောင်းမြင်စိတ်တိုးပွားစေပါတယ်။ နာရီပေါင်းများစွာအလုပ်လုပ်ပြီးတဲ့နောက်မှာ ခန္ဓာကိုယ်နဲ့ဦးနှောက်အတွက် လုံလောက်တဲ့အနားယူချိန်တစ်ခုကို ပေးဖို့လိုအပ်ပါတယ်။ တစ်နေ့တာအလုပ်တွေအားလုံးပြီးသွားချိန်မှာ ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေနဲ့ အနားယူမယ်အစား စာအုပ်ကောင်းတစ်အုပ်ဖတ်တာမျိုး တိတ်ဆိတ်အေးချမ်းစွာစိတ်နဲ့ခန္ဓာကိုယ်ကို အနားယူပေးတာမျိုးတွေလုပ်သင့်ပါတယ်။
(၃) ရယ်မောပါ

Source : Shutterstock
ရယ်မောခြင်းက ခန္ဓာကိုယ်အတွက်အကောင်းဆုံးဆေးတစ်ခွက်လို့ ဆိုကြပါတယ်။ သိပ္ပံနည်းကျတွေ့ရှိချက်တွေမှာလည် ရယ်မောခြင်းက ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူးများစွာကို ပေးစွမ်းတယ်လို့ဆိုပါတယ်။ ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါဖြစ်ပွားမှုကနေ တဆင့်ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို များများရယ်မောခြင်းအားဖြင့် တိုက်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်နေ့တိုင်းအကောင်းမြင်စိတ်တိုးပွားပြီး ပျော်ရွင်စွာဖြတ်သန်းနိုင်ဖို့ဆို များများရယ်မောဖို့ မမေ့ပါနဲ့။
(၄) အပြုသဘောဆောင်တဲ့ စကားတွေပြောပါ

Source : Shutterstock
သင့်မိသားစုဝင်တွေ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ပြောဆိုဆက်ဆံရာမှာ ကောင်းတဲ့စကားတွေ စိတ်ပျော်စေမယ့်စကားတွေနဲ့ အပြုသဘောဆောင်တဲ့စကားတွေကို ပြောဆိုဖို့အရေးကြီးပါတယ်။ အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေကို မျှဝေတာ ကောင်းမွန်တဲ့စကားတွေကိုပြောဆိုတာဟာ သင့်ရဲ့စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်စေပြီး အကောင်းမြင်စိတ်တိုးပွားစေနိုင်ပါတယ်။
